မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း ဘိန်းစိုက်ပျိုးမှု သိသာစွာ မြင့်တက်လာကြောင်း ကုလသမဂ္ဂအစီရင်ခံစာက ဖော်ပြ

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း ဘိန်းစိုက်ပျိုးမှု သိသာစွာ မြင့်တက်လာကြောင်း ကုလသမဂ္ဂအစီရင်ခံစာက ဖော်ပြ
ဇန်နဝါရီ 27, 2023 | ရှမ်းရှေ့
By Mr John

 

စစ်တပ်က အာဏာသိမ်းထားသည့် မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုမှာ ၂၀၂၂ ခုနှစ်အတွင်း (၃၃) ရာခိုင်နှုန်းအထိ သိသာစွာ မြင့်တက်လာခဲ့ကြောင်းနှင့် (၆) နှစ်ကြာ ဘိန်းစိုက်ပျိုးမှု ကျဆင်းနေသည့်အခြေအနေ ပြောင်းပြန်ဖြစ်သွားခဲ့ကြောင်း ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၂၆) ရက် ကုလသမဂ္ဂ အစီရင်ခံစာက ပြောထားသည်။ 

ဘိန်းစိုက်ပျိုးမှု တိုးလာခြင်းမှာ မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် (၂) နှစ်က စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးနှင့်စီးပွားရေး ကသောင်းကနင်းဖြစ်မှုနှင့် တိုက်ရိုက်ဆက်စပ်နေကြောင်း ကုလသမဂ္ဂ၏ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး United Nations Office on Drugs and Crime (UNODC) က ပြောသည်။

"၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း စီးပွားရေး၊ လုံခြုံရေးနဲ့ အုပ်ချုပ်ရေး ပျက်ယွင်းနေတာတွေက မကြာခဏ စစ်ပွဲဖြစ်ပွားတဲ့ အစွန်အဖျား နယ်မြေတွေက တောင်သူတွေအဖို့ ဘိန်းပြန်စိုက်ဖို့ကလွဲပြီး ရွေးချယ်စရာ သိပ်မရှိခဲ့ကြဘူး" ဟု UNODC ၏ ဒေသဆိုင်ရာ ကိုယ်စားလှယ် Jeremy Douglas က ထောက်ပြသည်။ 

အာဏာသိမ်း စစ်အုပ်စု ပြောခွင့်ရပုဂ္ဂိုလ်ကမူ ယခုကိစ္စကို မှတ်ချက်ပေးရန် မေးမြန်းမှုအပေါ် တုံ့ပြန်ခဲ့ခြင်းမရှိဟု Reuters က ဖော်ပြသည်။

စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ စီးပွားရေးကျဆင်းနေခဲ့ပြီး ပြည်တွင်းသုံး ကျပ်ငွေတန်ဖိုးမှာလည်း ထိုးကျသွားခဲ့ရာ စားနပ်ရိက္ခာနှင့် လောင်စာဆီဈေးနှုန်းများ သိသာစွာ မြင့်တက်နေသည်။ 

"အခြားရွေးချယ်စရာတွေနဲ့ စီးပွားရေးတည်ငြိမ်မှု မရှိရင်တော့ ဘိန်းစိုက်ပျိုးမှုနဲ့ ထုတ်လုပ်မှုက ဆက်ပြီးတိုးနေမှာပဲ" ဟု UNODC ၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ Benedikt Hofmann က ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှုဧရိယာမှာ သုံးပုံတစ်ပုံ တိုးလာခဲ့ပြီး ဧက (၉၉,၀၀၀) ရှိလာကြောင်းနှင့် ဘိန်းထွက်ရှိမှုမှာ ပျမ်းမျှ ခန့်မှန်းခြေအားဖြင့် တစ်ဧကလျှင် (၄၁) ရာခိုင်နှုန်း တိုးလာပြီး (၂၀) ကီလိုဂရမ် (၄၄ ပေါင်) ရှိလာခဲ့ရာ UNODC က မှတ်တမ်းများ စတင်ပြုစုခဲ့သည့် ၂၀၀၂ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးပမာဏဖြစ်သည်ဟု အစီရင်ခံစာက ဖော်ပြသည်။

တရုတ်၊ ထိုင်းနှင့် လာအိုနိုင်ငံတို့နှင့် နယ်စပ်ဒေသ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ဘိန်းစိုက်ပျိုးမှု (၃၉) ရာခိုင်နှုန်းအထိ အကြီးမားဆုံး မြင့်တက်လာခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂ၏ အစီရင်ခံစာက မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု ဧရိယာကို ခွဲခြားသတ်မှတ်ရန် ဂြိုဟ်တုအချက်အလက်များကို အဓိက အသုံးပြုခဲ့ခြင်း ဖြစ်သည်။

 မြန်မာနိုင်ငံတွင် နှစ်စဥ် ဘိန်းထုတ်လုပ်မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၂) ဘီလီယံအထိ ရှိနိုင်ကြောင်းနှင့် မူးယစ်ဆေးဝါးအများအပြားကို အိမ်နီးချင်းနိုင်ငံများသို့ မှောင်ခိုတင်ပို့ပြီး ထိုနိုင်ငံများမှတစ်ဆင့် နိုင်ငံတကာဈေးကွက်သို့ ရောက်ရှိနေကြောင်း ကုလသမဂ္ဂအစီရင်ခံစာက ပြောသည်။

 

မြန်မာနိုင်ငံအတွင်း၌ နှစ်စဉ် ဘိန်းဖျက်ဆီးရေး ဘာ(၄)ဘာ စီမံချက်အဖြစ် စက်တိုဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ စသည့် (၄)လအတွင်းသည် ဘိန်းစိုက်ပျိုးသည့် ဒေသများသို့ တပ်မြေခံ စစ်တပ်နှင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဖျက်ဆီးသည့် ကာလအဖြစ် သတ်မှတ်ကာ လုပ်ဆောင်သည်ဟု ဆိုသော်လည်း ၎င်းတို့သည် ငွေကြေးရယူကာ ဘိန်းပင်ဖြစ်ထွန်းမှု အားနည်းသည့် နေရာများကိုသာ ရွေးချယ်ကာ ဖျက်ဆီးလေ့ရှိသည်ဟုလည်း ဖျက်ဆီးမှုတွင် လိုက်ပါခဲ့ကြသူများထံက သိရသည်။

 

Source: Reuters