တာချီလိတ်တွင် လပေါင်းများစွာ ညှော်အနံ့ဆိုးများထုတ်နေသည့် တရုတ်ထုံးဖုတ်စက်ရုံ ထိုင်းဘက်က တိုင်၍ ယာယီပိတ်သိမ်းရ

တာချီလိတ်တွင် လပေါင်းများစွာ ညှော်အနံ့ဆိုးများထုတ်နေသည့် တရုတ်ထုံးဖုတ်စက်ရုံ ထိုင်းဘက်က တိုင်၍ ယာယီပိတ်သိမ်းရ
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မှ ထုံးကျောက်ဖုတ်သည့်စက်ရုံမှ မီးခိုးအညှော်နံ့များ ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်အထိ ရောက်ရှိသည်ဟုသတင်းများထွက်လာပြီးနောက် တာချီလိတ်ဘက်မှ တာဝန်ရှိသူများက အဆိုပါစက်ရုံအား ယာယီရပ်နားခိုင်းထားသည်ဟု သိရသည်။

ထိုင်းနိုင်ငံ၊ မယ်ဆိုင်တွင် လပေါင်းများစွာ အနံ့ဆိုးညှော်နံ့များ နံနေသည်မှာ တာချီလိတ်ဘက်ရှိ တရုတ်စီးပွားရေးတစ်ခုဖြစ်သည့် ထုံးကျောက်ဖုတ်သည့်စက်ရုံမှဖြစ်ကြောင်း ထိုင်းဘက်က နိုဝင်ဘာလ (၁၄)ရက်နေ့တွင်

 တာချီလိတ်ဘက်ကို အကြောင်းကြားခဲ့ပြီးနောက် အဆိုပါစက်ရုံအား စစ်ဆေးပြီး ယာယီပိတ်ခိုင်းထားပြီဖြစ်ကြောင်း တာချီလိတ်ဘက်မှ တာဝန်ရှိသူများက နိုဝင်ဘာလ (၁၆)ရက်နေ့တွင် မယ်ဆိုင်တာဝန်ရှိသူများထံ အကြောင်းကြားထားခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ လွယ်စတုံနှင့် ရမ်းခေါင်ကြားတွင် 999 အုတ်စက်အမည်ဖြင့် စက်ရုံက အာဏာသိမ်းကာလအတွင်း ၂၀၂၂ ခုနှစ် ဩဂုတ်လကတည်းက ထုံးကျောက်ဖုတ်သည့်လုပ်ငန်းကို စတင်လုပ်ကိုင်နေရာ ပတ်ဝန်းကျင်ဒေသတွင်

နေထိုင်သူများမှာ ကာလကြာရှည် ကျောက်မီးသွေးညှော်နံ့ဆိုးကို ခံစားနေကြရခြင်းဖြစ်ကြောင်း သိရသည်။

သူတို့က ၉၉၉ အုတ်စက်လို့သာ နာမည်ခံထားတာ။ ကျောက်မီးသွေးနဲ့ ကျောက်ခဲတွေ ဖုတ်နေတာ။ ရွာသားတွေကို မငဲ့ဘဲ လုပ်ခွင့်ပေးထားတာ။ အနံ့နံလွန်းလို့ ဘယ်လိုမှ နေလို့မရဘူး။ ညလည်း အိပ်လို့မရဘူး။ အနံ့တွေကြောင့် ခေါင်းကိုက်တာဖြစ်တယ်။

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ပြောသည်။

အဆိုပါစက်ရုံမှ မီးခိုးအညှော်နံ့များနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက ဖြေရှင်းပေးခြင်းမရှိဘဲဖြစ်နေချိန်

တွင် တစ်ဖက်ထိုင်းနိုင်ငံ မယ်ဆိုင်က အဆိုပါမီးခိုးညှော်နံ့များကိစ္စဖြေရှင်းပေးရန် အကြောင်းကြားလာချိန်မှ စတင်ဆောင်ရွက်လာခြင်းဖြစ်သည်ဟု သိရသည်။

အဲဒီထုံးဖုတ်တဲ့စက်က ထွက်တဲ့ ကျောက်မီးသွေးမီးခိုးတွေက ဘယ်လောက်များလဲဆို တလောကလုံး ဒီမီးခိုးတွေနဲ့ ဖုံးထားတယ်။ အရမ်းနံတယ်။ ပတ်ဝန်းကျင်ရွာတွေကတော့ ဒီဒဏ်တွေကို တောက်လျှောက်ခံနေရတာ။ ခေါင်းတွေ ကိုက်၊ ခေါင်းတွေမူး၊ အရမ်းနံလွန်းလို့ အရမ်းအန္တရာယ်များပါတယ်

ဟု အနီးဝန်းကျင်နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါမီးခိုးညှော်နံ့များကြောင့် အသက်ရှုလမ်းကြောင်း ထိခိုက်နိုင်သဖြင့် မယ်ဆိုင်ဘက်တာဝန်ရှိသူများက အများပြည်သူအား N95 Mask များ ဖြန့်ဝေပေးထားသည်ဟု သိရသည်။