မြင်းမူမြို့နယ် ရွာတော်လေးရွာကို စစ်ကောင်စီတပ်ဝင်ပစ်ရာ စစ်ရှောင် ၄ ဦးသေဆုံး

မြင်းမူမြို့နယ် ရွာတော်လေးရွာကို စစ်ကောင်စီတပ်ဝင်ပစ်ရာ စစ်ရှောင် ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ရွာတော်လေးရွာကို စစ်ကောင်စီတပ်က ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၄)ရက်နေ့တွင် ဝင်ရောက်ပစ်ခတ်သဖြင့် ငါန်းဇွန်မြို့နယ်မှ လာရောက်စစ်ဘေးရှောင်နေသည့် အရပ်သား(၄)ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကာ အရပ်သားတချို့လည်း ဖမ်းဆီးခံရကြောင်း ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ဩဂုတ်လ (၁၃)ရက်နေ့ကလည်း သာကျင်းရွာမြောက်ဘက်၌ စစ်ကောင်စီတပ်များသည် အရပ်သား(၂)ဦးကို ဖမ်းဆီးသွားခဲ့ပြီး စစ်ကြောင်းထိုးရာလမ်းတလျှောက်၌ ပစ္စည်းများယူဆောင်ခြင်း၊ အရပ်သားများအပေါ် အကြမ်းဖက်ခြင်းများ ပြုလုပ်သွားခဲ့ကြောင်း သိရသည်။

၎င်းစစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းက ငါန်းဇွန်မြို့နယ် ထန်းတပင်ကျေးရွာကို အင်အား(၁၀၀)ဝန်းကျင်ဖြင့် ရောက်ရှိလာပြီးနောက် အရပ်သားများ၏နေအိမ်ကို မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သား(၂၅)ဦးကို ဖမ်းဆီးပြီးတချို့ကို ပြန်လွှတ်၍ (၇)ဦးကို မြို့သာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ 

ထို့အပြင် ဩဂုတ်လ(၅)ရက်နေ့ကလည်း ရေလည်သောင်ရွာကို စစ်ကောင်စီတပ်များက ပစ်ခတ်ဝင်ရောက်ခဲ့သဖြင့် အရပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည့်အပြင် ဩဂုတ်လ(၆)ရက်နေ့တွင်လည်း နဘဲပင်ရွာကို ညအချိန်တွင် စစ်ကောင်စီတပ်များဝင်ရောက်ပြီး အရပ်သား(၆)ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် ရေလည်သောင်၊ ကံသာဘက်ကို စစ်ကြောင်း နှစ်ကြောင်းထိုးဝင်ရောက်ခဲ့သဖြင့် အနီးရှိကျေးရွာ(၆)ရွာမှ ဒေသခံ(၂၀၀)ကျော်ထွက်ပြေးတိမ်းရှောင်နေကြရကာ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေသည်မှာ (၉)ရက်ရှိပြီဖြစ်ကြောင်း သိရသည်။

(စိတ်မချမ်းမြေ့ဖွယ် ပုံရိပ်များပါဝင်သဖြင့် သတင်းဓာတ်ပုံများကို Telegram Channel တွင်ကြည့်ရှုနိုင်ပါသည်)

#TachileikNewsAgency