စစ်တွေမြို့ပေါ်တွင် မုန်တိုင်းကြောင့် ပုပ်ပွသေဆုံးနေသည့် အလောင်း(၆)လောင်းအထိ တွေ့ရှိထား

Photo:  ရွှေရောင်မေတ္တာဖောင်ဒေးရှင်း 
Photo:  ရွှေရောင်မေတ္တာဖောင်ဒေးရှင်း 
စစ်တွေမြို့ပေါ်တွင် မုန်တိုင်းကြောင့် ပုပ်ပွသေဆုံးနေသည့် အလောင်း(၆)လောင်းအထိ တွေ့ရှိထား

 ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်တွင်  မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပုပ်ပွသေဆုံးနေသည့် အလောင်း (၆)လောင်းအထိ တွေ့ရှိထားကြောင်း ကယ်ဆယ်‌ရေး လုပ်ဆောင်ပေးနေသူများထံမှ သိရသည်။

စစ်တွေမြို့၊ ကျေးတောရပ်ကွက်အနီး၌ မေလ(၁၇)ရက်နေ့၏ ညနေပိုင်းက အမည်မသိ အလောင်းတစ်လောင်းတွေ့ရှိ၍ စစ်တွေဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ရသည်ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်း (လူမှုကူညီရေးအသင်း)ထံမှ သိရသည်။

"စစ်တွေမြို့ပေါ်မှာ အလောင်းတွေ့တာ (၆)လောင်းလောက်ရှိပြီ ခင်ဗျ။ မနေ့ကလည်း အလောင်းတစ်လောင်းပေါ်တယ်။ အလောင်းက ပုပ်ပွနေပြီဆိုတော့လေ ဘယ်ကမှန်း၊ ဘယ်သူမှန်း မသိရသေးဘူး။" ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်း (လူမှုကူညီရေးအသင်း)၏ တာဝန် ရှိသူ တစ်ဦးက  Tachileik News Agency သို့ မေလ(၁၈)ရက်နေ့တွင် ပြောသည်။

၂၀၂၃ခုနှစ် မေလ(၁၄)ရက်နေ့က   မိုခါဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင် ပြည်နယ်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြိုနယ်များတွင် ကျရောက်ခဲ့ပြီးနောက်  ပျက်စီးဆုံးရှုံးမှုများခဲ့ပြီး လူထိခိုက်သေဆုံးမှုလည်းရှိခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင်မူ မုန်တိုင်းကြောင့်   ရခိုင်ပြည်နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာ (၃၈၇)ခုမှ လူနေအိမ် စုစုပေါင်း (၁၁,၀၀)ကျော် အပါအဝင် စာသင်ကျောင်း (၁၁၈) ကျောင်း၊ ဆေးရုံနှင့်ဆေးခန်း (၂၂)ခု၊ ဘုန်းကြီးကျောင်း အပါအ ဝင် ဘာသာရေးအဆောက်အဦး (၉၉)ခု၊ ဌာနဆိုင်ရာ အဆောက် အဦ (၇၂)လုံးတို့ ထိခိုက်ပျက်စီးခဲ့ရကြောင်းနှင့် လူ(၂၀)ဦး သေ ဆုံးကြောင်း သတင်းထုတ်ပြန်ထားသော်လည်း ထိခိုက်ပျက်စီးမှုနှင့် သေဆုံးသူ အရေအတွက်အား မှန်ကန်ခြင်း ရှိ၊ မရှိကို Tachileik NewsAgency အနေဖြင့် အတည်မပြုနိုင်သေးပေ။

NUG နှင့် ရိုဟင်ဂျာအရေးဆောင်ရွက်နေသူများကမူ စစ်တွေမြို့အနီးရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများမှာ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများပြီး သေဆုံးသူရာချီ ရှိနေသည်ဟု ပြောဆို ထားကြသည်။