တာချီလိတ်မြို့၌ တပ်က ဖမ်းဆီးထားသူများ အားလုံးတွင် တော်တော်များများမှာ မိသားစုနှင့် ဆက်သွယ်ခွင့် မရ

တာချီလိတ်မြို့၌ တပ်က ဖမ်းဆီးထားသူများ အားလုံးတွင် တော်တော်များများမှာ မိသားစုနှင့် ဆက်သွယ်ခွင့် မရ
ဖေဖော်ဝါရီ 26, 2021 | ရှမ်းရှေ့

စစ်တပ်က အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှ ဖမ်းဆီးခံထားရသည့် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၁၅)ဦးထက် မနည်းရှိနေပြီး အားလုံးမှာ ၂၀၂၁ ခုနှစ် ဖေဖေါ်၀ါရီလ (၂၆) ရက်နေ့အထိ မိသားစုနှင့် အဆက်အသွယ်မရ ဖြစ်နေကြောင်း သိရသည်။



ဖမ်းဆီးထိန်းသိမ်းခံရသူများအား စစ်တပ်က ကျိုင်းတုံအကျဥ်းထောင်သို့ပို့သည်ဟု သတင်းများထွက်နေပြီး အချို့မှာ video conferencing ဖြင့် တရားရင်ဆိုင်နေရသည်ဟု သတင်းအမျိုးမျိုး ထွက်နေသည့်အတွက်  သက်ဆိုင်ရာ မိသားစုများအနေဖြင့် အဆက်အသွယ်မရ၍ စိတ်ပူနေကြရကြောင်း သိရသည်။ 

တာချီလိတ်၌ ဖမ်းဆီးခံရသူများတွင် နှစ်ကျော့ပြန် ပြန်အဖမ်းခံရသည့် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်အချို့လည်း ပါဝင်နေပြီး အများစုမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်သည်ဟု ဆိုကာ ဖမ်းဆီးခံရသူများ ဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်း ရွေးကောက်ပွဲကိစ္စရပ်များနှင့် ပတ်သက်၍လည်း တာချီလိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ နှင့် အတွင်းရေးမှူး၊  တာချီလိတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ နှင့် အတွင်းရေးမှူး၊ တို့ကိုလည်း တာချီလိတ်တပ်နယ်က ခေါ်ယူထိန်းသိမ်းထားပြီး ယနေ့အထိ နေအိမ်ပြန်မလွတ်သေးကြောင်း နှင့် အဆိုပါ(၄)ဦးတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ပါဝင်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင်လည်း တာချီလိတ်နည်းတူ ဖမ်းဆီးခံရသူများရှိနေပြီး ကျိုင်းတုံမြို့မှ ဖမ်းဆီးထိန်းသိမ်းခံရသူများအနက် အမှုဖွင့်ထားခြင်း မရှိဘဲ အကြောင်းမဲ့ ဖမ်းဆီးကာ စစ်တပ်၌ ထိန်းသိမ်းထားပြီး (၂၆)ရက်အကြာတွင် (၄) ဦးကို ၂၀၂၁ ခုနှစ် ဖေဖေါ်၀ါရီလ (၂၆) ရက်နေ့၌ ပြန်လွတ်ပေးလာပြီဖြစ်သည်။

တာချီလိတ်မြို့ နှင့် ကျိုင်းတုံမြို့တို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်ရှားမှုများ ဆောင်ရွက်ရင်း စစ်တပ်၏ မတရားဖမ်းဆီးမှုကို ခံရပါက အခမဲ့ရှေ့နေလိုက်ပေးနိုင်ရန် တာချီလိတ်မြို့တွင် ရှေ့နေအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားသည့်အတွက် ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များအနေဖြင့် မြန်မာဖုန်း - 09-257239947 နှင့် ထိုင်းဖုန်း 0614260315 သို့ ဆက်သွယ်၍ အကြောင်းကြားကာ အကူအညီတောင်းခံနိုင်မည်ဖြစ်ကြောင်း သိရသည်။