အိန္ဒိယတွင် မုတ်သုံအကြို မိုးသည်းထန် ရေကြီးမှုကြောင့် အနည်းဆုံး လူ (၇) ဦး သေဆုံးပြီး လူဦးရေ (၅) သိန်းကျော် နေအိမ်စွန့်ခွာရ

အိန္ဒိယတွင် မုတ်သုံအကြို မိုးသည်းထန် ရေကြီးမှုကြောင့် အနည်းဆုံး လူ (၇) ဦး သေဆုံးပြီး လူဦးရေ (၅) သိန်းကျော် နေအိမ်စွန့်ခွာရ
By Mr John

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း အာဆမ်ပြည်နယ်တွင် မုတ်သုံအကြို မိုးသည်းထန်စွာ ရွာသွန်းရာမှာ ရေကြီးမှုများဖြစ်ပေါ်ခဲ့ရာ အနည်းဆုံး လူ (၇) ဦး ရေနစ်သေဆုံးခဲ့ပြီး လူဦးရေ ၅၀၀,၀၀၀ ကျော် နေအိမ်စွန့်ခွာထွက်ပြေးကြရကြောင်း အာဏာပိုင်တွေက ယနေ့ မေလ (၁၈) ရက်တွင် ပြောသည်။ 

တိဘက်ဒေသမှ အိန္ဒိယနှင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ စီးဆင်းနေပြီး ကမ္ဘာ့အကြီးဆုံးမြစ်များအနက် တစ်ခု အပါအဝင်ဖြစ်သည့် Brahmaputra မြစ်သည့် အာဆမ်ပြည်နယ်တွင် လွန်ခဲ့သော သုံးရက်အတွင်း မြစ်ရေလျှံတက်နေခဲ့သည်ဟု ဆိုသည်။ 

Brahmaputra မြစ်ရေလျှံမှုကြောင့် အာဆမ်ပြည်နယ်အတွင်း ကျေးရွာပေါင်း (၁,၅၀၀) ကျော် ရေနစ်မြုပ်နေကြောင်း သိရသည်။

အာဆမ်ပြည်နယ်၏ နေရာအများစုတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မေလ (၁၈) ရက်နေ့အထိ မိုးသည်းထန်မှု ဆက်လက်ဖြစ်ပေါ်နေပြီး နောက်နှစ်ရက်အတွင်း မိုးသည်းထန်မှုများ ပိုမိုဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းထားသည်။

 "လူ ၅၀၀,၀၀၀ ကျော် ရေကြီးမှုကြုံနေခဲ့ရတယ်။‌ ရေကြီးမှုက နာရီပိုင်းအတွင်း စိုးရိမ်စရာဖြစ်လာတယ်" ဟု အာဆမ်ပြည်နယ် ရေအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး Pijush Hazarika က Reuters သတင်းဌာနကို ပြောသည်။ 

ပြီးခဲ့သည့် သုံးရက်အတွင်း မတူညီသည့် ဖြစ်ရပ်များတွင် လူ (၇) ဦး ရေနစ်သေဆုံးခဲ့ကြောင်းလည်း ၎င်းကဆိုသည်။

အိန္ဒိယစစ်တပ်မှ စစ်သားများက Hojai ခရိုင်တွင် ရေကြီးမှုအတွင်း ပိတ်မိနေသည့် လူ (၂,၀၀၀) ကျော်ကို ကယ်ထုတ်ခဲ့ကြောင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်း ဆက်လက် လုပ်ဆောင်နေကြောင်း အာဆမ်ပြည်နယ် ကျန်းမာရေးဝန်ကြီး Keshab Mahanta က ပြောသည်။ 

Brahmaputra မြစ်အတွင်း မြစ်ရေများ နောက်ထပ် မြင့်တက်လာမည်ဖြစ်ပြီး  ရေကြီးမှုအခြေအနေမှာ ပိုမိုဆိုးရွားလာနိုင်ကြောင်းလည်း ၎င်းတို့က သတိပေးထားသည်။

"အခြေအနေက ရေကြီးမှု အဆိုးဆုံးဖြစ်နေတဲ့ Dima Hasao ခရိုင်မှာ အလွန်စိုးရိမ်စရာဖြစ်နေဆဲပါ။ ရထားလမ်းနဲ့ ကားလမ်း နှစ်ခုလုံး ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် ပြတ်တောက်နေတယ်" ဟု ထိုနေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်နေသည့် အာဆမ်ပြည်နယ် အခွန်ဘဏ္ဌာဝန်ကြီး Jogen Mohan က ပြောသည်။ 

ထိုအတောအတွင်း အိန္ဒိယ၏ အခြားနေရာများ အထူးသဖြင့် နယူးဒေလီမြို့တွင်မူ အပူလှိုင်းဖြတ်သန်းနေပြီး အပူချိန်များ စံချိန်တင်မြင့်တက်ခဲ့ကြောင်းလည်း သိရသည်။

Source: Reuters

Photo: REUTERS/Anuwar Hazarika, AP, ANI,