တာချီလိတ်မြို့တွင် Covid-19 ပိုးတွေ့ရှိသူများနှင့် ထိတွေ့ထားသူ အမျိုးသားတစ်ဦး Quarantine Centre ကနေ ထွက်ပြေးနေ၍ ဖမ်းမမိသေး

တာချီလိတ်မြို့တွင် Covid-19 ပိုးတွေ့ရှိသူများနှင့် ထိတွေ့ထားသူ အမျိုးသားတစ်ဦး Quarantine Centre ကနေ ထွက်ပြေးနေ၍ ဖမ်းမမိသေး
ဇွန် 4, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် Covid-19 ရောဂါပိုးတွေ့ထားသူများနှင့် ထိတွေ့မှုရှိ၍ Quarantine ထားသည့် (၁၀၂)ဦးထဲက အမျိုးသားတစ်ဦးမှာ Facility Quarantine Centre ကနေ ထွက်ပြေး လွတ်မြောက်နေကြောင်း သိရသည်။

Facility Quarantine Centre ဖွင့်လှစ်ထားသည့် တာချီလိတ်မြို့ရှိ မိုးကုတ်တရားရိပ်သာတွင် Covid-19 ပိုးတွေ့ရှိသူများနှင့် ထိတွေ့ထားသူ (၁၀၂)ဦးထဲက အသက်(၂၁)နှစ်အရွယ်ရှိ အိုက်ရောဆိုသူသည် ၂၀၂၁ခုနှစ် ဇွန်လ(၃)ရက်နေ့ နံနက်(၃)နာရီဝန်းကျင်အချိန်က ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ထွက်ပြေးသွားသည့်အတွက် ၎င်းအား တာချီလိတ်မြို့မ ရဲစခန်းတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၃၀) အပိုဒ်ခွဲအရ အမှုဖွင့်ထားကြောင်း နှင့် ဇွန်လ(၄)ရက်နေ့အထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်းသိရသည်။

၂၀၂၁ခုနှစ် ဇွန်လ(၁)ရက်နေ့က ထိုင်းနိုင်ငံဘက်က လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့မြန်မာနိုင်ငံသား (၁၀၉)ဦးကို ချစ်ကြည်ရေး အမှတ်(၂)တံတား တာချီလိတ်ဘက်တွင် Covid-19 စစ်ဆေးရာ (၁၀၉)ဦးအနက် (၇)ဦးတွင် ပိုးတွေ့ရပြီး ကျန်ရှိသည့် (၁၀၂)ဦးကို ဇွန်လ(၄)ရက်နေ့တွင် Covid-19 ဆက်လက်စစ်ဆေးရာ  (၃၀)ဦးတွင် Covid-19 ပိုးတွေ့ရကြောင်း သိရသည်။

ဇွန်လ(၃)ရက်နေ့က  Facility Quarantine Centre မှ ထွက်ပြေးသွားသည့် အိုက်ရောဆိုသူကို ထိုင်းဘက်က လက်ခံစဉ်က ချစ်ကြည်ရေးအမှတ်(၂)တွင်သာ အားလုံးနှင့်အတူ စစ်ဆေးပြီးဖြစ်သော်လည်း ဒုတိယအကြိမ် ပြန်လည် မစစ်ဆေးရသည့်သေးအတွက် ၎င်းတွင် Covid-19 ရောဂါပိုး ရှိမရှိဆိုသည်ကို မသိရှိနိုင်သေးသော်လည်း ၎င်းအား တွေ့ရှိရပါက ဆက်သွယ်အကြောင်းကြားနိုင်ရန် အသိပေးထားရှိသည်။

လက်ရှိတွင် မိုးကုတ်တရားရိပ်သာ၏ Facility Quarantine Centre မှ တာဝန်ရှိသူများက လုံခြုံရေးပိုမိုတင်းကြပ်ပေးထားကြောင်း သိရသည်။