လူ (၁၃၂) ဦး သေဆုံးခဲ့သည့် တရုတ်ခရီးသည်တင် လေယာဥ်ပျက်ကျမှုမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုကြောင့် ဟုဆို

Photo: Lu Boan/AP, FILE, REUTERS/Carlos Garcia Rawlins/File Photo
Photo: Lu Boan/AP, FILE, REUTERS/Carlos Garcia Rawlins/File Photo
လူ (၁၃၂) ဦး သေဆုံးခဲ့သည့် တရုတ်ခရီးသည်တင် လေယာဥ်ပျက်ကျမှုမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုကြောင့် ဟုဆို
By Mr John

ယခုနှစ် မတ်လအတွင်း လူ (၁၃၂) ဦး သေဆုံးခဲ့သည့် တရုတ်လေကြောင်းလိုင်း China Eastern ခရီးသည်တင်လေယာဥ် ပျက်ကျမှုမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုတစ်ခုကြောင့် ဖြစ်သည်ဟု အမေရိကန်အစိုးရအရာရှိတွေက ABC News ကို ပြောသည်။

Boeing 737-800 အမျိုးအစား ခရီးသည်တင်လေယာဥ်မှာ မတ်လ (၂၁) ရက်နေ့က Kunming မှ Guangzhou သို့ ပျံသန်းလာစဥ် Guangxi နယ်မြေအတွင်း တောင်တန်းထူထပ်သည့် နေရာတစ်ခုတွင် ပျက်ကျသွားခဲ့သည်။



ထိုလေယာဥ်ပျက်ကျမှုအတွင်း ခရီးသည် (၁၂၃) ဦးနှင့် လေယာဥ်အမှုထမ်း (၉) ဦးလုံး သေဆုံးခဲ့သည်။

China Eastern လေယာဥ်ပျက်ကျမှုမှာ လေယာဥ်မှူးအခန်းအတွင်းရှိ တစ်စုံတစ်ဦးက ရည်ရွယ်ချက်ရှိရှိဖြင့် ပျက်ကျစေရန် လုပ်ဆောင်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု လေယာဥ်၏ ပျံသန်းမှုမှတ်တမ်းတင်ကိရိယာ Black Box မှ ရရှိသည့် အချက်အလက်များအရ သိရှိရကြောင်း Wall Street Journal က ပထမဆုံး သတင်းဖော်ပြလာသည်။



ABC News နှင့် စကားပြောခဲ့သည့် အမေရိကန်အစိုးရအရာရှိတွေက လေယာဥ်တောင်ပံရှိ အရှိန်လျှော့ချရန်သုံးသော အချပ်များ အလုပ်မလုပ်ကြောင်းနှင့် လေယာဥ်ဘီး မထုတ်ထားခဲ့ကြောင်း ထောက်ပြကြသည်။

လေယာဥ်မှာ ဒေါင်လိုက်နီးပါး ထိုးစိုက်ဆင်းလာခြင်းက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှု လိုအပ်သည်ဟု ဆိုသည်။

ထိုလေယာဥ်မှာ (၆၆) ပေနက်သည့် မြေကျင်းတစ်ခု ဖြစ်ပေါ်စေခဲ့သည့် အမြန်နှုန်းဖြင့် မြေပြင်ပေါ်သို ထိုးစိုက်ကျခဲ့ကြောင်း တရုတ်အစိုးရအရာရှိတွေက ပြောထားသည်။



လေယာဥ်ပျက်ကျမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးသူတွေက လေယာဥ်မှူးတစ်ဦး၏ ပုဂ္ဂိုလ်ရေးဘဝနှင့် နောက်ခံအကြောင်းကို စုံစမ်းစစ်ဆေးခဲ့ပြီး ထိုလေယာဥ်မှူးမှာ လေယာဥ်ပျက်ကျမှုဖြစ်ရပ် မတိုင်မီ ပြဿနာအချို့ကို ဖြေရှင်းရန် ရုန်းကန်နေရနိုင်သည်ဟု ယူဆကြသည်။

လေယာဥ်ပျက်ကျမှုနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးမှု သတင်းအချက်အလက်အားလုံးကို Civil Aviation Administration of China (CAAC) ရှိ ၎င်းတို့၏ မိတ်ဖက်များထံမှ ရရှိခြင်းဖြစ်ကြောင်း အမေရိကန် National Transportation Safety Board (NTSB) က ဆိုသည်။



"China Eastern 5735 လေယာဥ်ပျက်ကျမှုကို CAAC ၏ စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်ပြီး နောက်ထပ်အသစ် သိရှိရမှုများကို NTSB က ထုတ်ပြန်သွားမည်မဟုတ်ကြောင်း" NTSB က ထုတ်ပြန်ချက်တစ်ခုတွင် ပြောထားသည်။

CAAC က မည်သည့်အချိန်တွင်နှင့် အသစ်သိရှိရမှုများကို ထုတ်ပြန်မည်လားဆိုသည်မှာ ၎င်းတို့အပေါ် လုံးဝမူတည်ကြောင်းနှင့် ထိုသို့လုပ်ဆောင်ရန် မည်သည့်အစီအစဥ်မှ မကြားသိရသေးကြောင်း NTSB က ဆိုသည်။

ပျက်ကျခဲ့သည့် China Eastern လေယာဥ်တွင် စက်ချို့ယွင်းမှုပြဿနာ မရှိခဲ့ကြောင်း လေယာဥ်ထုတ်လုပ်သည့် Boeing ကုမ္ပဏီနှင့် တရုတ်စုံစမ်းစစ်ဆေးသူများကလည်း ပြောထားသည်။



China Eastern လေယာဥ်၏ ပထမ Black Box အဖြစ် လေယာဥ်မှူးအခန်း အသံသွင်းကိရိယာကို မတ်လ (၂၃) ရက်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး လေယာဥ်ပျံသန်းမှု အချက်အလက်ကို မှတ်တမ်းတင်သည့် ဒုတိယ Bl‌ack Box ကို မတ်လ (၂၇) ရက်တွင် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အစောပိုင်း အချက်အလက်တွေအရ လေယာဥ်မှာ အမြင့် ပေ ၂၉,၀၀၀ မှ ပေ ၈,၀၀၀ သို့ နိမ့်ဆင်းလာခဲ့ပြီးနောက် မြေဆွဲအားအတိုင်း ထိုးစိုက်ကျလာခဲ့သည်ဟု ဆိုသည်။

ဗီဒီယိုတစ်ခုအရ လေယာဥ်ဦးပိုင်းမှာ မြေကြီးထဲသို့ စိုက်ဝင်နေခဲ့ကြောင်း တွေ့ရသည်။



ထိုအတောအတွင်း တရုတ်ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက် Weibo နှင့် စာတို့ပို့အက်ပလီကေးရှင်း WeChat နှစ်ခုလုံးတွင် Wall Street Journal သတင်းကို ပုံအဖြစ်သိမ်းဆည်းပြီး လွှင့်တင်ပေးပို့မှုများကို မေလ (၁၈) ရက် နံနက်ပိုင်းက စိစစ်ဖယ်ရှားထားပုံရကြောင်း သိရသည်။

"Chin‌a Eastern" နှင့် "China Eastern black boxes" ဟု hashtag လုပ်ထားသည့် အကြောင်းအရာများကို Weibo တွင် ပိတ်ပင်ထားပြီး သက်ဆိုင်ရာဥပဒေများ ချိုးဖောက်မှုကြောင့်ဟု ပြောထားသည်။

အသုံးပြုသူများအနေဖြင့် ယခုသတင်းကို WeChat တွင် အဖွဲ့လိုက်ပြောဆိုကြသည့် group chats များအတွင်း မျှဝေခြင်းမပြုနိုင်ဟု ဆိုသည်။



Source: ABC News, Reuters