မက္ကစီကိုနိုင်ငံတွင် သေနတ်သမားများက အပန်းဖြေစခန်းကို ‌စီးနင်းတိုက်ခိုက်မှုကြောင့် ကလေးအပါအဝင် လူ (၇) ဦး သေဆုံး

ပစ်ခတ်မှု ဖြစ်ပွားရာနေရာ
ပစ်ခတ်မှု ဖြစ်ပွားရာနေရာ
မက္ကစီကိုနိုင်ငံတွင် သေနတ်သမားများက အပန်းဖြေစခန်းကို ‌စီးနင်းတိုက်ခိုက်မှုကြောင့် ကလေးအပါအဝင် လူ (၇) ဦး သေဆုံး
By Mr John

မက္ကစီကိုနိုင်ငံ၏ အလယ်ပိုင်း Guanajuato ပြည်နယ်ရှိ အပန်းဖြေစခန်းတစ်ခုကို သေနတ်သမားများက စီးနင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦးနှင့် အပါအဝင် (၇)ဦး သေဆုံးကြောင်း သိရသည်။



သေနတ်သမားများက Guanajuato မြို့၏ တောင်ဘက် မိုင် (၄၀) ခန့်အကွာ Cortazar မြို့ငယ်လေးရှိ အုန်းပင်များပေါများရာ La Palma အပန်းဖြေခစန်းတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ 

အပန်းဖြေစခန်းကို တိုက်ခိုက်မှုအတွင်း အသက် (၇) နှစ်အရွယ် ကလေးတစ်ဦး၊ အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၃) ဦး စုစုပေါင်း (၇)ဦး သေဆုံးခဲ့ပြီး အခြားလူတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။ 

သေနတ်သမားများက အပန်းဖြေစခန်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် လုံခြုံရေးကင်မရာများနှင့် မော်နီတာကိုလည်း ယူဆောင်သွားခဲ့ကြကြောင်းလည်း သိရသည်။

ယခုတိုက်ခိုက်မှုမှာ မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း အတိအကျ မသိရသေးဟု Cortazar မြို့ခံ လုံခြုံရေးဌာနက ပြောသည်။ 

 

သို့သော် မကြာသေးမီ နှစ်များအတွင်း ပြိုင်ဘက် မူးယစ်ဆေးဝါးဂိုဏ်းများကြား Guanajuato ပြည်နယ်အတွင်း နယ်မြေနှင့် မူးယစ်ဆေးဝါးသယ်ဆောင်သည့် လမ်းကြောင်းများကို ထိန်းချုပ်ရန် ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲများဖြစ်ပွားနေခဲ့သည်။

ပစ်ခတ်မှုဖြစ်ပွားရာ နယ်မြေသည် မူးယစ်ဆေးဝါဂိုဏ်းများ၏ အကြမ်းဖက်မှုများ မြင့်တက် ဖြစ်ပွားနေကြောင်းသည့် နယ်မြေဖြစ်ကြောင်း သိရသည်။



Source: Reuters

Photo: REUTERS/Sergio Maldonado,