မိုင်းဖုန်းဆရာတော်၏ မွေးနေ့ပွဲကာလအတွင်း ယာဉ်/လမ်း ရှင်းလင်းရေး လုပ်ဆောင်ရင်း ယာဉ်ထိန်းရဲတစ်ဦး ဆိုင်ကယ်မှောက်ပြီး သေဆုံး

မိုင်းဖုန်းဆရာတော်၏ မွေးနေ့ပွဲကာလအတွင်း ယာဉ်/လမ်း ရှင်းလင်းရေး လုပ်ဆောင်ရင်း ယာဉ်ထိန်းရဲတစ်ဦး ဆိုင်ကယ်မှောက်ပြီး သေဆုံး

 မိုင်းဖုန်းဆရာတော်၏ မွေးနေ့ပွဲ နှင့် ဗုဒ္ဓဂါယာမဟာဗောဓိစေတီထီးတင်ပွဲကာလတွင်း ယာဉ်/လမ်းစည်းကမ်း ရှင်းလင်းရေးတာဝန်ဆောင်ရွက်နေသူ ယာဉ်ထိန်းရဲတစ်ဦး ဆိုင်ကယ်တိမ်းမှောက်ကာ စိုးရိမ်ရသည့် ဒဏ်ရာဖြင့် ဆေးကုသမှုခံယူစဉ်အတွင်း ဆေးရုံ၌ သေဆုံးသွားကြောင်း အမှတ်(၁၉)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(ရှမ်းအရှေ့)ထံက သိရသည်။

အမှတ်(၁၂၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံခရိုင်)မှ ယာဉ်ထိန်းရဲတပ်ကြပ်စိုးဝင်းနိုင်သည် ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၆)ရက်နေ့ ည(၆)နာရီခွဲဝန်းကျင်အချိန်က ယာဉ်/လမ်းရှင်းလင်းရေး လုပ်ဆောင်ရန်အတွက် ဝှေလေလန်ပူးပေါင်းစစ်ဆေးရေးဂိတ်ကနေ ဆွတ်ဆိုင်လမ်းဆုံသို့ ဆိုင်ကယ်ဖြင့် မောင်းသွားစဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ရာမှ  ဦးခေါင်းနှင့်ရင်ဘတ်တို့တွင် ဒဏ်ရာများရရှိသည့်အပြင် ညာဘက်လက်မောင်းပါ ကျိုးပြီး သတိလစ်သွားကြောင်း သိရသည်။

၎င်းအား တာချီလိတ်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေရင်း ဇန်နဝါရီလ(၆)ရက်နေ့၏ ည(၁၁)နာရီခွဲကျော်တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း  သိရသည်။

ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်ပြီး သေဆုံးသူ အသက်(၃၅)နှစ်အရွယ် အမှတ်(၁၂၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံခရိုင်)မှ ယာဉ်ထိန်းရဲတပ်ကြပ်စိုးဝင်းနိုင်အား ဝမ်ပုံနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

တာချီလိတ်မြို့ နယ် မိုင်းဖုန်း(က)ကျေးရွာအုပ်စုအတွင်း ၂၀၂၃ခုနှစ် ဇန်ဝါရီလ(၁)ရက်နေ့ကနေ ဇန်နဝါရီလ(၆)ရက်နေ့အထိ ကျင်းပပြုလုပ်သည့် မိုင်းဖုန်းဆရာတော်၏ မွေးနေ့ပွဲနှင့် ဗုဒ္ဓဂါယာမဟာဗောဓိစေတီ  ထီးတော်တင်ပွဲသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးယာဉ်များ အများအပြားလာရောက်ကြသည့်အတွက် တာချီလိတ်ယာဉ်ထိန်းတပ်ဖွဲ့ တစ်ဖွဲ့တည်း၏ အင်အားဖြင့် မလုံလောက်၍ အမှတ်(၁၉)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(ရှမ်းအရှေ့)၏ ကွပ်ကဲမှုဖြင့် အမှတ်(၁၂၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံခရိုင်) နှင့် အမှတ်(၁၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (တာချီလိတ်ခရိုင်) အပါအဝင်  အမှတ်(၁၂၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မိုင်းဆတ်ခရိုင်) တို့ စုပေါင်းပြီး ဆောင်ရွက်ခဲ့ရကြောင်း အမှတ်(၁၉)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(ရှမ်းအရှေ့)ထံက သိရသည်။