အာဏာသိမ်းစစ်ကောင်စီ၏ ပျူစောထီးစခန်းကို လောင်းလုံ PDF စီးနင်း

အာဏာသိမ်းစစ်ကောင်စီ၏ ပျူစောထီးစခန်းကို လောင်းလုံ PDF စီးနင်း
By Tachileik News Agency

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)စခန်းကို လောင်းလုံ PDF က ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့သည်ဟု သိရသည်။

ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ် ၄ ခုမှ ပြည်သူ့စစ်ဟုခေါ်သည့် ပျူစောထီးအဖွဲ့ဝင်စာရင်းများအပါအဝင် ထားဝယ်မျိုးချစ်တပ်မတော်၊ ၉၆၉ YMBA နှင့် မဘသအဖွဲ့ဝင်စာရင်းများ၊ စစ်ကောင်စီစစ်ကြောင်း စာရင်းများ၊ လက်နက်လွှဲပြောင်းစာရင်းများကို အဆိုပါစခန်းမှ သိမ်းဆည်းရမိသည်ဟု လောင်းလုံ PDF က သတင်းထုတ်ပြန်သည်။

အဆိုပါစခန်းမှ တုတ်၊ ဓါး၊ တူမီးအပါအဝင် လက်နက်ပစ္စည်းများနှင့် စစ်ရေးအရ မဖေါ်ပြနိုင်သည့် စာရွက်စာတမ်းများ၊ ဓာတ်ပုံမှတ်တမ်းများကိုလည်းသိမ်းမိခဲ့ပြီး ခြေကုပ်စခန်းအား ဖျက်ဆီးခဲ့ကြောင်း သိရသည်။

လောင်းလုံ PDF သည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်ကလည်း လောင်းလုံးမြို့နယ်အတွင်းမှ ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့ဝင် ၃ ယောက်နှင့် စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးအဆင့်ရှိသူ ၁ ယောက်ကို ရှင်းလင်းခဲ့သည်ဟု သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် ယခင်က ပြည်သူ့စစ်ဖွဲ့စည်းခြင်းမရှိခဲ့သည့်ဒေသများတွင်ပါ ပြည်သူ့စစ်(ပျူစောထီး)အဖွဲ့များ ဖွဲ့စည်းလာခြင်းဖြစ်သည်။