ဂန့်ဂေါမြို့နယ်အရှေ့ပိုင်းရှိ စစ်ကောင်စီတပ်စခန်းကုန်းတစ်ခုကို YDF သိမ်းပိုက်

ဂန့်ဂေါမြို့နယ်အရှေ့ပိုင်းရှိ စစ်ကောင်စီတပ်စခန်းကုန်းတစ်ခုကို YDF သိမ်းပိုက်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အရှေ့ပိုင်း ကျောမြို့အခြေစိုက် စစ်ကောင်စီတပ် ကပစ(၂၃)၏ စစ်ရေးဗျူဟာကျသော စခန်းကုန်းတစ်ခုအား ဒေသကာကွယ်ရေးတပ်များက ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၂၁)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“သူတို့ရဲ့ စိုးမိုးကုန်းပါဗျ။ စစ်သားတွေ ခံပစ်ပြီး ထွက်ပြေးကုန်ကြပါတယ်။ ကပစ (၂၃)နဲ့ (၂)မိုင်ပဲဝေးပါတယ်ဗျ။ အနီးအနားမှာလည်း သူတို့တပ်စခန်းတွေရှိပါတယ်။ ရွာတွေနဲ့တော့ မနီးဘူးဗျ။ ကျွန်တော်တို့ တိုက်ခိုက်မှုအတွင်းမှာ မျက်မြင်စစ်သားသုံးယောက်သေပါတယ်ဗျ။”ဟု ယောကာကွယ်ရေးတပ်ဖွဲ့ YDFမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

အဆိုပါစခန်းကို ဒေသကာကွယ်ရေးတပ်များက (၂၀)မိနစ်ခန့်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သား (၃)ဦးသေပြီး MA-3 (၂)လက်၊ ကျည်ဘောက် (၁၃)ခု၊ ကျည် (၃၄၃)တောင့်၊ အီကွေးမန့် (၄)ခု၊ ကျောပိုးအိတ် (၁)လုံး၊ ဖုန်း (၄)လုံးနှင့် Power Bank (၂)လုံးကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“အဲဒီစခန်းကုန်းကနေ ကပစ တစ်စခန်းလုံးကိုမြင်ရပါတယ်ဗျ။ သူတို့အနေနဲ့ ဝင်တိုက်မယ်လို့ ထင်မှတ် မထားတဲ့နေရာပါ။ ကျွန်တော်တို့ တိုက်ခိုက်ပြီးနောက် တစ်နေကုန် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဗျ။”ဟု ၎င်းကဆက်ပြောသည်။

သိမ်းဆည်းရမိသည့်ဖုန်းအတွင်းမှ တွေ့ရှိရသောအချက်အလက်များအရ အဆိုပါစခန်းကုန်းတွင် ဗိုလ်ကြီး(၂)ဦး၊ ခွဲတပ်ကြပ်ကြီး (၁)ဦး၊ တပ်ကြပ်ကြီး (၅)ဦးနှင့် တပ်ကြပ် (၃)ဦး စခန်းချနေထိုင်သည့်နေရာဖြစ်သည်ဟု ယောကာကွယ်ရေးတပ်-YDFထံမှ သိရသည်။

#TachileikNewsAgency