ဆလိုင်းတင်မောင်ဦးနေ့ လောင်းလုံးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

ဆလိုင်းတင်မောင်ဦးနေ့ လောင်းလုံးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်သည့် ဆလိုင်းတင်မောင်ဦးနေ့တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ် လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းလှုပ်ရှားမှုကို ထားဝယ်ခရိုင် လောင်းလုံးမြို့ပေါ်၌ ပြုလုပ်ခဲ့ပြီး “မင်းတို့စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး” စာသားကိုင်ကာ လူငယ်များ၊ အမျိုးသမီးများမှ စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်ချီတက်ခဲ့ကြောင်း သိရသည်။

ချင်းအမျိုးသား ဆလိုင်းတင်မောင်ဦးသည် ၁၉၇၂ခုနှစ် ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၄ ခုနှစ် ဦးသန့်အရေးခင်းနှင့် ၁၉၇၆ မှိုင်းရာပြည့် အရေးခင်းတို့တွင် ဦးဆောင်ပါဝင်ခဲ့သည့် ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။

၁၉၇၆ ခုနှစ် မှိုင်းရာပြည့်အရေးခင်း ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းနေစဉ် မတ်လ(၁၉)ရက်နေ့တွင် ကမာရွတ်မြို့နယ် ပတ္တမြားခြံ၌ စစ်အာဏာရှင်တို့က ဖမ်းဆီးပြီးနောက် အင်းစိန်ထောင် အမှောင်တိုက် နံပါတ်(၁)တွင် ချုပ်နှောင်အကျဉ်းချထားခဲ့ပြီး စစ်ခုံရုံးမှ သေဒဏ်စီရင်ချက် ချမှတ်ခဲ့သည်။

ဆလိုင်းတင်မောင်ဦးသည် သေဒဏ်မှ ကင်းလွတ်ရေးအတွက် စစ်ခုံရုံးသို့ ပြင်ဆင်တင်ရန် အာဏာပိုင်တို့ဘက်မှ ကမ်းလှမ်းချက်ကို ငြင်းဆန်ခဲ့ပြီး “မင်းတို့စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်နိုင်ဘူး”ဟု တုန့်ပြန်ခဲ့သည်။

ထို့နောက် ၁၉၇၆ ခုနှစ် ဇွန်လ (၂၆)ရက်နေ့တွင် တစ်ပါတီအာဏာရှင် မဆလ အစိုးရမှ အသက်(၂၅)နှစ်အရွယ် ကျောင်းသားလူငယ် ဆလိုင်းတင်မောင်ဦးအား ကြိုးပေးကွပ်မျက်လိုက်ကြသည်။

ဆလိုင်းတင်မောင်ဦးသည် ကြိုးစင်ထက်ကနေ “မင်းတို့ ငါ့ခန္ဓာကိုယ်ကိုသာ သတ်လို့ရမယ်၊ ငါ့ရဲ့ ယုံကြည်ချက်နဲ့ ရပ်တည်ချက်တွေကိုတော့ ဘယ်တော့မှ သတ်လို့ရမှာမဟုတ်ဘူး”ဟု ကြွေးကြော်ပြီး အာဏာရှင်အစိုးကို နောက်ဆုံးထွက်သက်အထိ ရဲရဲရင့်ရင့်ဆန့်ကျင်ခဲ့သည့် ကျောင်းသားတစ်ဦး ဖြစ်သည်။

#TachileikNewsAgency

Photo : Democracy Movement Strike Committee-Dawei