တန်ဇန်းနီးယားနိုင်ငံ ဝိတိုရီးယားရေကန်ကြီးအတွင်း ခရီးသည်တင် လေယာဥ် ပျက်ကျပြီး အနည်းဆုံး လူ (၁၉) ဦး သေဆုံး

တန်ဇန်းနီးယားနိုင်ငံ ဝိတိုရီးယားရေကန်ကြီးအတွင်း ခရီးသည်တင် လေယာဥ် ပျက်ကျပြီး အနည်းဆုံး လူ (၁၉) ဦး သေဆုံး
နိုဝင်ဘာ 7, 2022 | နိုင်ငံတကာသတင်း
By Mr John

 တန်ဇန်းနီးယားနိုင်ငံတွင် ရာသီဥတုဆိုးရွားနေစဥ် နီးစပ်ရာ လေဆိပ်သို့ ဆင်းသက်ရန် ကြိုးပမ်းခဲ့သည့် ခရီးသည်တင်လေယာဥ်တစ်စီး ဝိတိုရီးယားရေကန်ကြီးအတွင်း ပျက်ကျခဲ့ပြီး အနည်းဆုံး လူ (၁၉) ဦး သေဆုံးကြောင်း BBC သတင်းက ဖော်ပြသည်။ 

နိုဝင်ဘာလ (၆) ရက်နေ့က ရေကန်အတွင်း ပျက်ကျခဲ့သည့်လေယာဥ်မှာ Precision Air လေကြောင်းလိုင်းမှဖြစ်ပြီး လူ (၄၃) ဦး လိုက်ပါလာခဲ့ကြောင်း သိရသည်။

ရေကန်ကြီးအတွင်း လေယာဥ်ပျက်ကျပြီးနောက် လူ (၂၆) ဦးကို ကယ်တင်နိုင်ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူတစ်ဦးနှင့် လေကြောင်းလိုင်းက အစောပိုင်းတွင် ပြောခဲ့သည်။ 

ကယ်ဆယ်ရေးဝန်ထမ်းများနှင့် ဒေသခံ ငါးဖမ်းသမားများက ရေကန်ကြီးအတွင်း အသက်ရှင်ကျန်သူများကို ရှာဖွေနေသည်ဟု ဆိုသည်။ 

လေယာဥ်ပေါ်တွင် ခရီးသည် (၃၉) ဦးနှင့် လေယာဥ်အမှုထမ်း (၄) ဦး လိုက်ပါလာကြောင်း လေကြောင်းလိုင်းနှင့် Kagera ပြည်နယ်အကြီးအကဲ Albert Chalamila ကို ကိုးကားပြီး CNN သတင်းက ဖော်ပြသည်။

သတင်းဓာတ်ပုံအရ လေယာဥ်တစ်စီးလုံးနီးပါး ရေထဲသို့ နစ်မြုပ်နေပြီး အမြီးပိုင်းသာ ပေါ်နေသည်ကို တွေ့ရသည်။ 

ကယ်ဆယ်ရေးဝန်ထမ်းများနှင့် ငါးဖမ်းသမားများက လေယာဥ်ပတ်လည်တွင် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေကြသည်။ 

တန်ဇန်းနီးယားမြို့တော် Dar es Salaam မြို့မှ Flight PW494 လေကြောင်းခရီးစဥ်အဖြစ် ထွက်ခွာလာသည့် ခရီးသည်တင်လေယာဥ် ဆင်းသက်ရန် ကြိုးပမ်းခဲ့သည့် Bukoba မြို့ရှိ လေဆိပ်မှာ ဝိတိုရီးယားရေကန်၏ ညာဘက်ကမ်းစပ်တွင်တည်ရှိကြောင်း သိရသည်။

လေယာဥ်ပျက်ကျရသည့် အကြောင်းရင်းကို ချက်ချင်း အတိအကျ မသိရသေးသော်လည်း မုန်တိုင်းထန်ပြီး မိုးသည်းထန်စွာ ရွာသွန်းနေစဥ်အတွင်း ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း တန်ဇန်းနီးယားအစိုးရသတင်းဌာနက ပြောသည်။

 လေယာဥ်ပျက်ကျပြီးနောက် ကယ်တင်နိုင်ခဲ့သူများအနက် လေယာဥ်မှူး (၂) ဦးလည်း ပါဝင်ကြောင်း သိရသည်။ လေယာဥ်ပျက်ကျမှုကြောင့် သေဆုံးသူအရေအတွက်ကို နောက်ဆုံး အတည်ပြုထားခြင်းမရှိသေးဟု ဆိုသည်။

ဝိတိုရီးယားရေကန်အတွင်း ပျက်ကျခဲ့သည့် လေယာဥ်မှာ ATR-48 အမျိုးအစား ဖြစ်ကြောင်း Precision Air က ပြောကြောင်း Reuters သတင်းတွင် ဖော်ပြသည်။

 Precision Air လေကြောင်းလိုင်းမှာ တန်ဇန်းနီးယားနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကလေကြောင်းလိုင်းဖြစ်ပြီး Kenya Airways က တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်ထားသည်။ 

ထိုလေကြောင်းလိုင်းကို ၁၉၉၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ပြည်တွင်းနှင့် ဒေသတွင်း လေကြောင်းခရီးစဥ်များ ပျံသန်းလျက်ရှိသည်။

Source: BBC, CNN, Reuters

Photo: CHARLES MWEBEYA TBC, REUTERS/Stringer,