ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများ ကွန်ဒိုတိုက်ခန်း ဝယ်ယူမှု၌ မြန်မာနိုင်ငံသားများက အမြင့်ဆုံး ပျမ်းမျှဈေးနှုန်းဖြင့် ဝယ်ယူခဲ့

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများ ကွန်ဒိုတိုက်ခန်း ဝယ်ယူမှု၌ မြန်မာနိုင်ငံသားများက အမြင့်ဆုံး ပျမ်းမျှဈေးနှုန်းဖြင့် ဝယ်ယူခဲ့
စက်တင်ဘာ 21, 2023 | နိုင်ငံတကာသတင်း
By Mr John

 ၂၀၂၃ ခုနှစ် ဒုတိယ (၃) လပတ်အတွင်း ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများ ကွန်ဒိုတိုက်ခန်း ဝယ်ယူမှု၌ မြန်မာနိုင်ငံသားများက အမြင့်ဆုံး ပျမ်းမျှဈေးနှုန်းဖြင့် ဝယ်ယူခဲ့ကြောင်းနှင့် ကွန်ဒိုတိုက်ခန်း လွှဲပြောင်းမှုတွင် အမြင့်ဆုံး ပျမ်းမျှဈေးနှုန်းမှာ တစ်ခန်းလျှင် ဘတ် (၇) သန်း ဖြစ်ခဲ့ကြောင်း သိရသည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်း ပြည်တွင်းမှ ချမ်းသာကြွယ်ဝသူများနှင့် လုပ်ငန်းရှင်များက အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ကွန်ဒိုတိုက်ခန်းဝယ်ယူမှု သိသာစွာ မြင့်တက်လာသည်။

ထိုင်းနိုင်ငံ အိမ်ခြံမြေ သတင်းအချက်လက်ဌာန Real Estate Information Center (REIC) နှင့် အစိုးရ အိမ်ရာဘဏ် Government Housing Bank (GH Bank) တို့၏ ကိန်းဂဏန်းအချက်အလက်များအရ ၂၀၂၃ ခုနှစ် ပထမ (၆) လအတွင်း ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများ ကွန်ဒိုတိုက်ခန်း လွှဲပြောင်းရယူမှုမှာ ၂၀၂၂ ခုနှစ် ကာလတူနှင့် နှိုင်းယှဥ်လျှင် (၁၄.၇) ရာခိုင်နှုန်း မြင့်တက်လာသည်။ 

ထိုကာလအတွင်း ထိုင်းနိုင်ငံတွင် ကွန်ဒိုတိုက်ခန်း လွှဲပြောင်းမှု စုစုပေါင်း အရေအတွက်၏ (၁၀.၈) ရာခိုင်နှုန်းမှာ နိုင်ငံခြားသားများက ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ နိုင်ငံခြားသားများ ကွန်ဒိုတိုက်ခန်း ဝယ်ယူမှု တန်ဖိုးမှာလည်း ၂၀၂၂ ခုနှစ်ကထက် (၂၄.၅) ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ကွန်ဒိုတိုက်ခန်း ဝယ်ယူမှု စုစုပေါင်း တန်ဖိုး၏ (၂၀.၅) ရာခိုင်နှုန်း ဖြစ်လာသည်။

 ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့တွင် GH Bank ၏ စစ်ဆေးရေးမှူးချုပ်နှင့် REIC ၏ ယာယီ ညွှန်ကြားရေးမှူး Vichai Viratkapan က နိုင်ငံတဝန်း ၂၀၂၃ ခုနှစ် ပထမ (၆) အတွင်း (ဇန်နဝါရီ - ဇွန်) နိုင်ငံခြားသားများထံသို့ ကွန်ဒိုတိုက်ခန်း လွှဲပြောင်းမှုဆိုင်ရာ အချက်အလက်များကို ထုတ်ပြန်ကြေညာခဲ့သည်။

ထိုအချက်အလက်များအရ ကွန်ဒိုတိုက်ခန်း လွှဲပြောင်းမှုများတွင် ချောင်ဘူရီပြည်နယ်က (၄၃.၄) ရာခိုင်နှုန်းနှင့် ဘန်ကောက် (၃၇.၇) ရာခိုင်နှုန်းဖြင့် အများဆုံး ဖြစ်ခဲ့သည်။ 

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများ ကွန်ဒိုတိုက်ခန်း ဝယ်ယူမှု၌ တရုတ်နိုင်ငံသားများက ဆက်လက် ဦးဆောင်နေဆဲ ဖြစ်သည်။ 

နိုင်ငံခြားသားများ ကွန်ဒိုတိုက်ခန်း ဝယ်ယူမှု၏ (၄၇) ရာခိုင်နှုန်းနှင့် ကွန်ဒိုတိုက်ခန်း စုစုပေါင်း တန်ဖိုး၏ (၄၈.၃) ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသားများ ဝယ်ယူမှုဖြစ်သည်။

ထိုင်းနိုင်ငံတွင် ကွန်ဒိုတိုက်ခန်း ဒုတိယ အများဆုံး ဝယ်ယူကြသည့် နိုင်ငံခြားသားများမှာ ရုရှားနိုင်ငံသားများ ဖြစ်ကြပြီး ဝယ်ယူမှု၏ (၉.၆) ရာခိုင်နှုန်းနှင့် စုစုပေါင်း တန်ဖိုး၏ (၆.၃) ရာခိုင်နှုန်း ဖြစ်သည်။

 ၂၀၂၃ ခုနှစ် ဒုတိယ (၃) လပတ်အတွင်း နိုင်ငံခြားသားများ ကွန်ဒိုတိုက်ခန်း ဝယ်ယူမှုတွင် မြန်မာနိုင်ငံသားများက အမြင့်ဆုံး ပျမ်းမျှဈေးနှုန်းဖြင့် ဝယ်ယူခဲ့ခြင်းမှာ မှတ်သားဖွယ်အချက်ဟု Khaosod သတင်းက ဆိုသည်။

အိန္ဒိယနိုင်ငံသားများကမူ ထိုင်းတွင် အကြီးဆုံး ကွန်ဒိုတိုက်ခန်း ဝယ်ယူသည့် နိုင်ငံခြားသားများဖြစ်ပြီး (၈၉.၈) စတုရန်း မီတာ (၉၆၈ စတုရန်း ပေ) အကျယ်အဝန်းရှိ ကွန်ဒိုတိုက်ခန်းများကို ဝယ်ယူကြသည်။

 ၂၀၂၃ ခုနှစ် ဒုတိယ (၃) လပတ်အတွင်း ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများထံသို့ ကွန်ဒိုတိုက်ခန်း (၃,၅၆၃) ခန်း လွှဲပြောင်းပေးခဲ့ကြောင်းနှင့် ၂၀၂၂ ခုနှစ် ကာလတူကထက် (၅၃.၄) ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။ 

 

ထို့အတူ ကွန်ဒိုတိုက်ခန်း စုစုပေါင်း တန်ဖိုးမှာလည်း ဘတ် (၁၈.၀၈၃) ဘီလီယံဖြစ်ရာ ၂၀၂၂ ခုနှစ်ကထက် (၄၉.၄) ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။

 

Source: Khaosod