မုန်လိုင်ခက်တိုက်ခိုက်မှု အာဆီယံထုတ်ပြန်ချက်ကို စစ်ကောင်စီ မကျေမနပ်ဖြစ်ကာ ပြည်တွင်းရေးဝင်မပါနှင့်ဟု ထုတ်ပြန်

မုန်လိုင်ခက်တိုက်ခိုက်မှု အာဆီယံထုတ်ပြန်ချက်ကို စစ်ကောင်စီ မကျေမနပ်ဖြစ်ကာ ပြည်တွင်းရေးဝင်မပါနှင့်ဟု ထုတ်ပြန်
အောက်တိုဘာ 20, 2023 | 2021 Military Coup| အခြားဒေသများ

ကချင်ပြည်နယ် လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်စစ်ဘေးရှောင်စခန်း ဗုံးကြဲတိုက်ခိုက်ခံမှုဖြစ်ကြောင်း အာ ဆီယံ၏ ထုတ်ပြန်ကြေညာချက်ကို စစ်ကောင်စီက မကျေမနပ်ဖြစ်ကာ ကန့်ကွက်ကြောင်း ယမန်နေ့  ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၉)ရက်နေ့က ထုတ်ပြန်လာသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်နေ့တွင် အာဆီယံနိုင်ငံများက ကချင်ပြည်နယ်၊ လိုင်ဇာဒေသ၊ မုန်လိုင်ခက် ဒုက္ခသည်စခန်းများကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းမှာ မှားယွင်းစွာဖော်ပြထားခြင်းဖြစ်ကြောင်း မကျေမနပ် ကန့်ကွက်လာသည်။

စစ်ကောင်စီဘက်ကမူ KIA သင်တန်းကျောင်းအနီး ခဲယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အာဆီယံကို လိမ်ညာခဲ့ပြီး ၎င်းတို့ဘက်က တိုက်ခိုက်ခြင်းဖြစ်ကြောင်း ကြေညာချက်မထုတ်ရန် အကြောင်းကြားခဲ့သည်ဟု သိရသည်။

သို့သော်လည်း အာဆီယံက ၎င်းတို့ပေးပို့သော အချက်အလက်များအားမကြည့်ဘဲ ကြေညာချက်ကို မလိုအပ်ဘဲ ထုတ်ပြန်ခဲ့ခြင်းကြောင့် အာဆီယံထုတ်ပြန်ချက်ပါ အချက်အလက်များသည် ထင်ယောင်ထင်မှားဖြစ်စေသဖြင့် အခြေအမြစ်မရှိသည့်အတွက် ကန့်ကွက်သည်ဟု ထုတ်ပြန်လာခြင်းဖြစ်သည်။

ထို့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များနှင့် အခြေခံမူများကို တိကျစွာလေးစားလိုက်နာသင့်ပြီး အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်သင့်ဟုလည်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းအတွင်းရှိ စစ်ဘေးရှောင် အရပ်သား(၂၉)ဦးသေဆုံးပြီး (၅၇)ဦး ဒဏ်ရာရရှိခဲ့ကာ ယင်းအထဲတွင် အသက်(၁၆)နှစ်အောက် ကလေး(၁၁)ဦးနှင့် အမျိုးသမီး(၁၅)ဦးပါဝင်သည်ဟု သိရသည်။

#TachileikNewsAgency