ထိုင်းနိုင်ငံတွင် ပတ္တယားတွင် အခြေစိုက်ပြီး တရားမဝင် အွန်လိုင်းငွေချေးလုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများကို ဖမ်းဆီး

Photo: Chaiyot Pupattanapong
Photo: Chaiyot Pupattanapong
ထိုင်းနိုင်ငံတွင် ပတ္တယားတွင် အခြေစိုက်ပြီး တရားမဝင် အွန်လိုင်းငွေချေးလုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများကို ဖမ်းဆီး
By Mr John

ထိုင်းနိုင်ငံအတွင်း ပတ္တယားရှိ တန်ဖိုးကြီး ဇိမ်ခံနေအိမ်တစ်အိမ်တွင် အခြေစိုက်ပြီး  တရားမဝင် အွန်လိုင်းငွေချေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၅) ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။ 

ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးအရာရှိများနှင့် ခရီးသွားရဲတပ်ဖွဲ့က ပတ္တယားမြို့ Bang Lamung ခရိုင်ရှိ (၂) ထပ် နေအိမ်ကို ၂၀၂၃ခုနှစ် ဧပြီလ (၁၁)ရက်နေ့၏ ညပိုင်းတွင် ဝင်ရောက်စီးနင်းကာ ဖမ်းဆီးလိုက်ကြခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသား အုပ်စုတစ်စုက Bang Lamung ခရိုင်ရှိ နေအိမ်ကို တစ်လလျှင် ဘတ် (၁၈၀,၀၀၀) ဖြင့် ငှားရမ်းနေထိုင်ကာ တရားမဝင် စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ကိုင်နေသည်ဟု ယူဆရကြောင်း စုံစမ်းစစ်ဆေးရေးမှူးများက သိရှိခဲ့ပြီးနောက် ၎င်းတို့မှာ တရားမဝင် စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ကိုင်နေကြောင်း သံသယရှိခဲ့ရာမှ ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။

နေအိမ်အတွင်း အမျိုးသား (၄) ဦးနှင့် အမျိုးသမီးတစ်ဦး ပါဝင်သည့် တရုတ်နိုင်ငံသား (၅) ဦးကို တွေ့ရှိခဲ့ပြီး ၎င်းတို့မှာ အသက် (၂၉) နှစ်နှင့် (၄၁) နှစ်အတွင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့ အုပ်စုက ကွန်ပျူတာများသုံး၍ တရုတ်နိုင်ငံရှိ ချေးငွေရယူလိုသူများနှင့် ဆက်သွယ်ကြသည်ဟု ဆိုသည်။ 

ရဲတပ်ဖွဲ့က ခရီးဆောင်ကွန်ပျူတာ (၈) လုံး၊ မိုဘိုင်းဖုန်း (၁၂) လုံး၊ SIM ကတ် (၅၀)ခုနှင့် ချေးငွေယူထားသူ (၁၀၀)ကျော် ပါဝင်သည့် စာရင်းတစ်ခုကို သိမ်းဆည်းရမိခဲ့သည်။ 



ထိုတရုတ်နိုင်ငံသားအုပ်စုက လည်ပတ်ငွေပမာဏ ထိုင်းဘတ်ငွေ သန်းနှင့်ချီရှိသည့် တရားမဝင် အွန်လိုင်းငွေချေးလုပ်ငန်းတစ်ခုကို လုပ်ကိုင်နေကြကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ရဲဗိုလ်ချုပ် Kamphon က ပြောသည်။ 

ထိုအုပ်စု၏ ခေါင်းဆောင်ဖြစ်သူမှာ အသက် (၃၅) နှစ်အရွယ် အမျိုးသားဖြစ်ကြောင်းလည်း သိရသည်။ 

၎င်းတို့ထံမှ ချေးငွေရယူသူများမှာ တရုတ်နိုင်ငံတွင် နေထိုင်ကြသူများဖြစ်ကြောင်း သိရသည်။ 

တရုတ်နိုင်ငံသား (၅) ဦး၏ ပတ်စ်ပို့များကို စစ်ဆေးမှုအရ ၎င်းတို့ (၅) ဦးလုံးမှာ ဗီဇာသက်တမ်းကျော်လွန် နေထိုင်ကြသူများဖြစ်ကြောင်း တွေ့ရသည်။

အဖမ်းခံရသည့် တရုတ်နိုင်ငံသား (၅) ဦးကမူ ထိုင်းနိုင်ငံတွင် ယခုကဲ့သို့ အလုပ်လာလုပ်နေခြင်းမှာ တရားမဝင်ကြောင်းကို သိရှိမထားဟု ဆိုကြသည်။ 

၎င်းတို့ကို ဥပဒအရ ဆက်လက် အရေးယူဆောင်ရွက်ရန်အတွက် Nong Pheu ရဲစခန်းသို့ လွှဲပြောင်းခဲ့သည်။ 

ထိုင်းနိုင်ငံတွင် ယခုလို အွန်လိုင်းဖြင့် တရားမဝင် လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများကို မကြာခဏ ဖမ်းဆီးရမိလေ့ရှိကြောင်း သိရသည်။

Source: Bangkok Post