ဩစတြေးလျနိုင်ငံတွင် ရဟတ်ယာဥ် (၂) စီး တိုက်မိမှုကြောင့် လူ (၄) ဦး သေဆုံး

ဩစတြေးလျနိုင်ငံတွင် ရဟတ်ယာဥ် (၂) စီး တိုက်မိမှုကြောင့် လူ (၄) ဦး သေဆုံး
ဇန်နဝါရီ 3, 2023 | နိုင်ငံတကာသတင်း
By Tachileik News Agency

ဩစတြေးလျနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းရှိ ကမ္ဘာလှည့်ခရီးသွား လာရောက်မှုများသော Gold Coast မြို့တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၂) ရက်နေ့က ရဟတ်ယာဥ် (၂) စီး တိုက်မိခဲ့မှုကြောင့် လူ (၄) ဦး သေဆုံးသွားကြောင်း သိရသည်။

သတင်းဓာတ်ပုံများအရ သဲသောင်ပြင်ပေါ်တွင် ပျက်ကျခဲ့သည့် ရဟတ်ယာဥ် (၂) စီးကို တွေ့ရပြီး တစ်စီးမှာ ဒလက်များ ပျက်စီးနေခဲ့သည်။

ရဟတ်ယာဥ် (၂) စီး လေထဲ၌ တိုက်မိကာ ပျက်ကျခဲ့မှုအတွင်း အခြား လူ (၃) ဦးလည်း ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး စိုးရိမ်ရသည့် အခြေအနေဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ 

ရဟတ်ယာဥ် (၂) စီး တိုက်မိပြီး ပျက်ကျခဲ့သည့်နေရာသို့ အနီးအနားတွင် ရှိနေသူများက အပြေးအလွှား လာရောက်ကြပြီး ခရီးသည်များကို ဆွဲထုတ်ကယ်ဆယ်ရန် ကြိုးပမ်းခဲ့ကြသည်။

ရဟတ်ယာဥ်တစ်စီးမှာ ကမ်းခြေမှ ပေအနည်းငယ်မျှအကွာ ရေစပ်နေရာတွင် ပျက်ကျခဲ့ကြောင်း ABC သတင်းဌာနာက ဖော်ပြသည်။

ရဟတ်ယာဥ်များ ပျက်ကျခဲ့သည့်နေရာမှာ Gold Coast ၏ နာမည်ကျော် Sea World အဏ္ဏဝါအပန်းဖြေဥယျာဥ်အနီးတွင် ဖြစ်ပြီး တစ်စီးမှာ ပြင်းပြင်းထန်ထန် ပျက်စီးသွားကြောင်း သိရသည်။

ရဟတ်ယာဥ်တစ်စီးမှာ ပျံတက်ခဲ့ပုံရပြီး နောက်တစ်စီးက ဆင်းသက်လာစဥ် တိုက်မိခဲ့ကြကြောင်း Queensland ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးအရာရှိ Gary Worrell က အခင်းဖြစ်နေရာတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။ 

"ဒီဖြစ်ရပ်ကြောင့် လူ (၄) ယောက် အသက်ဆုံးရှုံးခဲ့ပြီး အခြား (၃) ယောက်က ဆေးရုံမှာ စိုးရိမ်ရတဲ့အခြေအနေ ဖြစ်ပါတယ်" ဟု Worrell က ဆိုသည်။

ရဟတ်ယာဥ် (၂) စီး တိုက်မိခဲ့သည့်ဖြစ်ရပ်နှင့် ပတ်သက်၍ အချက်အလက်များကို လေကြောင်းမတော်တဆမှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူးများက မထုတ်ပြန်သေးကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောသည်။

 စုံစမ်းစစ်ဆေးမှု ကနဦး အစီရင်ခံစာကို သီတင်း (၆) ပတ်နှင့် (၈) ပတ်အတွင်း သိရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

Source: AFP