ပုလဲမြို့နယ်အတွင်း  ပူးပေါင်းအဖွဲ့က ပျူစောထီးစခန်းကို ဝင်တိုက်ရာ ပျူစောထီး (၁၅)ဦးဝန်းကျင် သေဆုံး

ပုလဲမြို့နယ်အတွင်း  ပူးပေါင်းအဖွဲ့က ပျူစောထီးစခန်းကို ဝင်တိုက်ရာ ပျူစောထီး (၁၅)ဦးဝန်းကျင် သေဆုံး

 စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာရှိ ပျူစောထီးစခန်းအား မြန်မာ့တော်ဝင်နဂါးတပ်မတော် ( M.R.D.A ) နှင့် 96 Soilders အဖွဲ့တို့က ယမန်နေ့ ဒီဇင်ဘာ(၁၅)ရက်နေ့တွင် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ရာ ပျူစောထီး ၁၅ ယောက်ခန့် သေဆုံးကြောင်း MRDA က သတင်းထုတ်ပြန်ထားသည်။ 

ပျူစောထီးအဖွဲ့များ စုဝေးသည့် ညနေပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပျူစောထီးကင်းပုန်းများကလည်း စက်သေနတ်နှင့်လက်နက်ကြီးများဖြင့်ပါ ပြန်လည်ပစ်ခတ်ခဲ့သောကြောင့် တိုက်ပွဲကြာချိန် မိနစ် ၄၀ ခန့်ရှိခဲ့ကြောင်း သိရသည်။

“ပျူတွေက စုနေတာ၊ မီတာ ၁၀၀ လောက်ပဲ အကွာကနေ တိုင်ပင်ခေါ်ပြီး ပစ်ကြတာ၊ အတော်များများ လဲကျသွားတယ်၊ (၄) ယောက်လောက်ပဲ ထွက်ပြေးသွားတာ” ဟု MRDA က ပြောသည်။

ထွက်ပြေးသွားသည့်နောက် လိုက်လံပစ်ခတ်ရင်း ပျူစောထီးကင်းပုန်းများက ပြန်လည်ပစ်ခတ်ခဲ့ခြင်းကြောင့် အနီးကပ်ရောက်နေသည့် ရဲဘော်များ အန္တရာယ်ကင်းစွာ ပြန်လည်ရုန်းထွက်နိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ(၇)ရက်ကလည်း ယင်းဇီးဖြူကုန်းရွာသို့ အလစ်အငိုက်ဝင်ရောက် တိုက်ခဲ့ပြီးနောက် ပျူစောထီး(၃)ယောက်သေဆုံးခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီသည်   PDF များကို တိုက်ခိုက်ရန်အတွက် ကျေးရွာများတွင် စစ်တပ်ထောက်ခံသူများနှင့် ကြံ့ဖွံ့ပါတီဝင်များကို စုစည်းပြီး စစ်သင်တန်းပေးကာ လက်နက်များတပ်ဆင်ပေးထားခြင်းဖြစ်ရာ ၎င်းတို့သည် ပြည်သူအများကို ကိုယ်စားမပြုသည့်အတွက် ပြည်သူများက ၎င်းတို့ကို ပျူစောထီးအဖွဲ့ဟုသာ ခေါ်ကြသည်။