အင်ဒိုနီးရှားတွင် ပျောက်ဆုံးနေသည့် အမျိုးသမီးကို စပါးအုံးမြွေကြီး၏ ဝမ်းဗိုက်အတွင်း သေဆုံးလျက်ပြန်ရှာတွေ့

အင်ဒိုနီးရှားတွင် ပျောက်ဆုံးနေသည့် အမျိုးသမီးကို စပါးအုံးမြွေကြီး၏ ဝမ်းဗိုက်အတွင်း သေဆုံးလျက်ပြန်ရှာတွေ့
အောက်တိုဘာ 27, 2022 | နိုင်ငံတကာသတင်း
By Mr John

အင်ဒိုနီးရှားနိုင်ငံ ဂျမ်ဘီပြည်နယ်တွင် ပျောက်ဆုံးနေသည့် အမျိုးသမီးတစ်ဦးကို စပါးအုံးမြွေကြီးတစ်ကောင်၏ ဝမ်းဗိုက်အတွင်း သေဆုံးလျက် ပြန်ရှာတွေ့ခဲ့ရကြောင်း ပြည်တွင်းသတင်းများက ဖော်ပြသည်။ 

ရာဘာအစေးခြစ်သည့် အသက် (၅၀) နှစ်အရွယ် Jahrah အမည်ရှိ အမျိုးသမီးမှာ အောက်တိုဘာလ (၂၃) ရက် နံနက်ပိုင်းက ရာဘာခြံသို့ အလုပ် လုပ်ရန် အိမ်မှထွက်ခွာသွားခဲ့သည်။

ထို့နောက် ညပိုင်းတွင် အိမ်သို့ ပြန်ရောက်မလာခဲ့ဘဲ ပျောက်ဆုံးနေခဲ့ပြီး ရှာဖွေရေးအဖွဲ့များက သူမကို နေရာအနှံ့ လိုက်လံရှာဖွေခဲ့ကြသည်။ 

နောက်တစ်ရက်တွင်မူ ရွာသားတစ်ဦးက ဗိုက်ဖောင်းနေသည့် စပါးအုံးမြွေကြီးတစ်ကောင်ကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။ 

ဒေသခံများက ထိုစပါးအုံးမြွေကိုသတ်ပြီး စစ်ဆေးကြည့်ရာ ပျောက်ဆုံးနေသည့် အမျိုးသမီးကို မြွေ၏ဝမ်းဗိုက်ထဲတွင် တွေ့ရှိခဲ့မှုကြောင့် သူမမှာ မြွေအမျိုခံလိုက်ရခြင်းဖြစ်သည်ဟု သိရှိခဲ့ကြရသည်။

"အမျိုးသမီးရဲအလောင်းကို မြွေကြီးရဲ့ ဝမ်းဗိုက်ထဲမှာ ပြန်ရှာတွေ့ခဲ့ပြီး အလောင်းက အကောင်းအတိုင်း ပုံမပျက်ရှိနေပုံပဲ" ဟု Jambi ရဲတပ်ဖွဲ့အကြီးအကဲ AKP S Harefa က ပြည်တွင်းမီဒီယာများကို ပြောခဲ့သည်။ 

Jahrah ကို မျိုခဲ့သည့် စပါးအုံးမြွေကြီးမှာ အနည်းဆုံး (၁၆) ပေရှည်ပြီး ၎င်းကို အောက်တိုဘာလ (၂၄) ရက် ညပိုင်းတွင် တွေ့ရှိခဲ့ရာမှ ရွာသားများက ဖမ်းဆီးသတ်ဖြတ်ပြီး ပျောက်ဆုံးနေသည့် အမျိုးသမီးကို မျိုထားခြင်းရှိ မရှိ ဗိုက်ခွဲစစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။

"ရွာသားတွေက မြွေကြီးရဲ့ ဝမ်းဗိုက်ကို ခွဲကြည့်လိုက်တော့ အထဲမှာ Jahrah ရှိနေတာကို တွေ့ခဲ့ကြရတယ်" ဟု Harefa က ပြောသည်။ 

အင်ဒိုနီးရှားတွင် မြွေမျိုခံရပြီး သေဆုံးသည့် ယခုကဲ့သို့ ဖြစ်ရပ်များမှာ ရှားပါးသော်လည်း ပထမဆုံးအကြိမ်မဟုတ် ဒေသခံများက ဆိုထားပြီး ယခုလို မြွေမျိုခံရသည့် အလားတူဖြစ်ရပ် (၂) ခု ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တွင် ဖြစ်ပွားခဲ့ဖူးကြောင်း  သိရသည်။

Source: BBC