အမေရိကန်နိုင်ငံ တောင်ကာရိုလိုင်းနားပြည်နယ်ရှိ ဈေးဝယ်စင်တာတွင် ပစ်ခတ်မှုဖြစ်ပွားပြီး (၁၂) ဦး ဒဏ်ရာရ

Photo: CNN
Photo: CNN
အမေရိကန်နိုင်ငံ တောင်ကာရိုလိုင်းနားပြည်နယ်ရှိ ဈေးဝယ်စင်တာတွင် ပစ်ခတ်မှုဖြစ်ပွားပြီး (၁၂) ဦး ဒဏ်ရာရ
By Mr John

 အမေရိကန်နိုင်ငံ တောင်ကာရိုလိုင်းနားပြည်နယ် ကိုလံဘီယာမြို့ရှိ ဈေးဝယ်စင်တာတစ်ခုတွင် ဧပြီ (၁၆) ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ (၁၂) ဦး ဒဏ်ရာရပြီး (၁၀) ဦးမှာ သေနတ်ဒဏ်ရာများရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုလီဘီယာမြို့ရှိ Columbiana Centre Mall ဈေးဝယ်စင်တာတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုနှင့် ဆက်စပ်ပြီး လက်နက်ကိုင် လူ (၃) ဦးကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

သေနတ်ဒဏ်ရာရခဲ့သူများမှာ အသက် (၁၅) နှစ်မှ (၇၃) နှစ်အတွင်း ဖြစ်ကြပြီး ပစ်ခတ်မှုကြောင့် သေဆုံးသူမရှိခဲ့ကြောင်း ကိုလံဘီယာရဲတပ်ဖွဲ့ အကြီးအကဲ William Holbrook က ပြောသည်။

ယခုပစ်ခတ်မှုမှာ ကြုံသလို အကြမ်းဖက်လုပ်ရပ်တစ်ခု မဟုတ်ဘဲ အချင်းချင်း သိနေကြသည့် လက်နက်ကိုင်ဆောင်ထားသူများကြား ပဋိပက္ခပုံစံမျိုးဖြစ်ကြောင်း ၎င်းကဆိုသော်လည်း ပစ်ခတ်မှုဖြစ်ရပ်နှင့် ပတ်သက်ပြီး အသေးစိတ်ကို အတိအကျကို မသိရသေးကြောင်းလည်း ရဲတပ်ဖွဲ့အကြီးအကဲက ပြောသည်။

ပစ်ခတ်မှုအတွင်း သေနတ်ဒဏ်ရာရခဲ့သူ (၁၀) ဦးအနက် (၈) ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် နှစ်ဦးမှာ ၎င်းတို့အစီအစဥ်ဖြင့် ဆေးရုံသို့သွားခဲ့ကြောင်း William Holbrook က ဆိုသည်။ ဒဏ်ရာရသူ (၁၂) ဦးအနက် (၉) ဦးမှာ ဆေးရုံဆင်းနိုင်ပြီဟု Prisma Health ဆေးရုံက ပြောသည်။

အမေရိကန်တွင် ဧပြီ (၁၂) ရက်နေ့ကလည်း နယူးယော့ခ်မြို့ရှိ မြေအောက်ရထားဘူတာရုံအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ (၂၃) ဦး ဒဏ်ရာရခဲ့ပြီး (၁၀) ဦးမှာ သေနတ်ကျည်ထိမှန်ခံရခြင်း ဖြစ်သည်။

နယူးယော့ခ် မြေအောက်ရထားဘူတာရုံ ပစ်ခတ်မှုကျူးလွန်ကြောင်း သံသယရှိသူ အသက် (၆၂) နှစ်အရွယ် ဖရန့်ဂျိမ်းစ်ဆိုသူကို ရဲတပ်ဖွဲ့က ဧပြီ (၁၃) ရက်တွင် ဖမ်းဆီးရမိခဲ့ပြီး အာမခံမပေးဘဲ ထိန်းသိမ်းထားကာ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ကို တိုက်ခိုက်မျုအပါအဝင် စွဲချက်များဖြင့် တရားစွဲဆိုမည်ဟု သိရသည်။

ပြီးခဲ့သည့် နှစ်နှစ်ကျော်အတွင်း အမေရိကန် မြို့များတွင်း သေနတ်ဖြင့်အကြမ်းဖက်မှု ဖြစ်ရပ်များ မြင့်တက်ဖြစ်ပွားနေခဲ့သည်ဟု ဆိုသည်။



Source: CNN, Reuters