ရန်ကုန်တိုင်းဒေသကြီးအတွင်း Covid-19 ကုသရေးအတွက် အားဖြည့်ကူညီနိုင်ရန် ကယားပြည်နယ်က ဒုတိယအသုတ်အဖြစ် သူနာပြု(၂၀)ဦး ထပ်မံ စေလွှတ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း Covid-19 ကုသရေးအတွက် အားဖြည့်ကူညီနိုင်ရန် ကယားပြည်နယ်က ဒုတိယအသုတ်အဖြစ် သူနာပြု(၂၀)ဦး ထပ်မံ စေလွှတ်
အောက်တိုဘာ 2, 2020
By Tachileik News Agency

ရန်ကုန်တိုင်းဒေသကြီးအတွင်း Covid-19 ကုသရေးအတွက်  အားဖြည့်ကူညီနိုင်ရန် ကယားပြည်နယ်က ဒုတိယအသုတ်အဖြစ်  သူနာပြု(၂၀)ဦး ထပ်မံ စေလွှတ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း  Covid-19 ကုသရေးနှင့်ကြည့်ရှုစောင့်ရှောက်ရေးအပိုင်းတွင် အားဖြည့် ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ကယားပြည်နယ်အတွင်းမှ သူနာပြု (၂၀)ဦးကို ဒုတိယအသုတ်အဖြစ် ၂၀၂၀ခုနှစ် အောက်တိုဘာလ(၂)ရက်နေ့တွင် ထပ်မံစေလွှတ်လိုက်ကြောင်း သိရသည်။ 
“ရန်ကုန်တိုင်းမှာရှိတဲ့ ကိုဗစ် ကုသရေးစင်တာတွေမှာ သွားပြီးတော့ ရန်ကုန်တိုင်းမှာရှိနေတဲ့ ဆရာဝန် ဆရာမ အဖွဲ့တွေနဲ့ သွားပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့အတွက်ကို ဒုတိယအကြိမ်စေလွှတ်ခြင်းဖြစ်ပါတယ်။ အခု ကိုဗစ်ဒုတိယလှိုင်း အများဆုံး Positive ဖြစ်တာ ရန်ကုန်တိုင်းဖြစ်ပါတယ်။ တစ်နေ့တစ်နေ့ ရန်ကုန်တိုင်းမှာ ကိုဗစ် Positive လူနာအနေနဲ့ (၅၀၀) (၆၀၀)ပေါ့၊ ဒီပတ်ဝန်းကျင်တွေ ထွက်နေတဲ့ အခါကျတော့ ဒီလူနာတွေကိုပြုစုစောင့်ရှောက်ဖို့ ဆရာ ဆရာမအင်အားတွေ လိုအပ်တဲ့အတွက် ကျွန်တော်တို့  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက တိုင်းနဲ့ပြည်နယ်အသီးသီးမှာရှိတဲ့ ဆရာဝန်ဆရာမ Facility Quarantine စင်တာတွေမှာစောင့်ရှောက်ဖို့ ကူညီဆောင်ရွက်ဖို့ ကျန်းမာရေးဝန်ထမ်းတွေကို လှမ်းပြီးတော့ ခေါ်တဲ့အတွက်ကြောင့် သွားရောက်ကူညီပေးဖို့ စေလွှတ်ခဲ့တာဖြစ်ပါတယ်။”ဟု ကယားပြည်နယ်ကုသရေးနှင့်  ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး  ဒေါက်တာဌေးလွင်က ပြောသည်။
ကယားပြည်နယ်မှ သွားရောက်သည့် အထက်တန်းသူနာပြုဆရာမကြီးတစ်ဦး ဦးဆောင်၍ အမျိုးသမီးသူနာပြု (၁၉)ဦးနှင့် အမျိုးသားသူနာပြု (၁)ဦးတို့မှာ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းရှိ  COVID-19 ရောဂါကုသရေးဌာန ဧရာဝတီစင်တာတွင် အနည်းဆုံး တစ်လကြာ သွားရောက်တာဝန်ထမ်းဆောင်ရမည် ဖြစ်ကြောင်းသိရသည်။ 
ယခုအကြိမ်စေလွှတ်သည့် သူနာပြုများထဲတွင်  လွိုင်ကော်မြို့နယ်မှ အများဆုံးပါဝင်ပြီး ကျန်မြို့နယ်များမှ သူနာပြုကျန်းမာရေးဝန်ထမ်းများလည်းပါဝင်ကာ အများစုမှာတော့ အလုပ်စတင်ဝင်ရောက်နေသည့် သူနာပြုအသစ်များ ပါဝင်ကြောင်း ကယားပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်ကပြောသည်။
“တော်တော်များများက ကိုယ့်ဆန္ဒသဘောထားအလျှောက်လည်းပါ ပါတယ်။ ရွေးချယ်ပြီး စေလွှတ်ရတာလည်းပါတယ်။ အထူးသဖြင့် ဒီဒုတိယအသုတ်မှာတော့ အများအားဖြင့် ပြီးခဲ့တဲ့ လကုန်ခါနီးလောက်မှ အသစ် ဝင်လာတဲ့ထဲက နယူးပို့စ်တွေ သူတို့ထဲက ဆယ်ယောက်လောက်ပါ ပါတယ်။ အဲ့ဒီနပ်တွေရယ် နဂိုရှိပြီးသား အဟောင်းတွေရယ်တွဲပြီး လွှတ်တာဖြစ်ပါတယ်။ အဟောင်းတွေထဲကလည်း သူတို့ရဲ့ ဆန္ဒအလျှောက် သွားကြတာဖြစ်ပါတယ်။ အသစ်တွေကတော့ ဒီတစ်ခေါက်ခေါ်တဲ့ထဲမှာ အသစ်တွေကို စေလွှတ်ပေးပါဆိုပြီးတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လမ်းညွှန်လိုက်တဲ့အတွက် စုစုပေါင်း (၂၇)ဦးရှိတဲ့ထဲကနေ တစ်ဝက်လောက်ခွဲပြီး စေလွှတ်လိုက်တာဖြစ်ပါတယ်။ ဒီသူနာပြုတွေကတော့ ကိုဗစ် Positive ဖြစ်တဲ့လူနာတွေကို သွားပြီးပြုစုစောင့်ရှောက်ရမှာဖြစ်ပါတယ်။”ဟု ကယားပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ပြောသည်။
ရန်ကုန်တိုင်းရှိ Covid-19 ရောဂါဖြစ်ပွားသူများအား ကုသနေသည့် ဌာနများတွင် အားဖြည့်တာဝန် ထမ်းဆောင်ရန် သွားရောက်သည့် သူနာပြု ပထမအသုတ် (၂၀)ဦးနှင့် ဒုတိယအသုတ် (၂၀) ဦးတို့အတွက် ကယားပြည်နယ်အစိုးရမှ တစ်ဦးလျှင်ငွေကျပ် (၁)သိန်းနှုန်း ထောက်ပံ့ပေးထားပြီး ကျန်းမာရေးဌာနများနှင့် ပြင်ပအလှူရှင်များမှလည်း ငွေကြေး နှင့်အစားအသောက်များ စုပေါင်းလှူဒါန်းပေးထားကြောင်းသိရသည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - ဆန်းဖြိုးထွန်း
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~