ဂျာမနီနိုင်ငံတွင် အစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းရန် ကြံစည်နေကြောင်း သံသယရှိမှုဖြင့် လူ (၂၅) ဦးကို ဖမ်းဆီး

ဂျာမနီနိုင်ငံတွင် အစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းရန် ကြံစည်နေကြောင်း သံသယရှိမှုဖြင့် လူ (၂၅) ဦးကို ဖမ်းဆီး
ဒီဇင်ဘာ 8, 2022 | နိုင်ငံတကာသတင်း
By Mr John

ဂျာမနီနိုင်ငံတဝန်းတွင် အစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းရန် ကြံစည်နေကြောင်း သံသယရှိမှုဖြင့် လက်ယာစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းတစ်ခုမှ အဖွဲ့ဝင် (၂၂) ဦးနှင့် ထိုအဖွဲ့အစည်းကို ထောက်ခံသူဟု သံသယရှိသူ (၃) ဦးကို ဒီဇင်ဘာလ (၇) ရက်နေ့က ဖမ်းဆီးလိုက်သည်။ 

ဂျာမန်ပြည်ထောင်စုရှေ့နေရုံး၏ ထုတ်ပြန်ချက်တွင် ခန့်မှန်းခြေ လူ (၅၀) ဦးကို Reich Citizens လှုပ်ရှားမှုဟုခေါ်သည့် အဖွဲ့၏ အဖွဲ့ဝင်များအဖြစ် သံသယရှိကြောင်း ဖော်ပြထားသည်။

ထိုအဖွဲ့ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလထက် နောက်မကျဘဲ ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီး အစိုးရကို ဖြုတ်ချရန်နှင့် ၎င်းတို့ကိုယ်ပိုင် ဖွဲ့စည်းပုံဖြင့် အစားထိုး အုပ်ချုပ်ရန် ကြံစည်နေခဲ့သည်ဟု ဆိုသည်။ 

ထိုအဖွဲ့က အစိုးရ၏ ပြဌာန်းချက်များနှင့် ဖက်ဒရယ်ဂျာမနီသမ္မတနိုင်ငံ၏ လွတ်လပ်သော ဒီမိုကရက်တစ်အခြေခံမူများကို ပြင်းပြင်းထန်ထန် ငြင်းပယ်ထားပြီး နောက်ပိုင်းတွင် အစိုးရကို အကြမ်းဖက်နည်းလမ်းဖြင့် ဖြုတ်ချပြီး အာဏာသိမ်းရန် ဆုံးဖြတ်ကြံစည်လာခဲ့ကြောင်း ရှေ့နေရုံးထုတ်ပြန်ချက်တွင် ပြောထားသည်။

ထိုလက်ယာစွန်းရောက် အကြမ်းဖက်အဖွဲ့၏ အဖွဲ့ဝင်များအဖြစ် သံသယရှိသူများမှာ ဂျာမန်နိုင်ငံသာများဖြစ်ကြောင်း သိရသည်။ 

ထိုအဖွဲ့ကို အားပေးထောက်ခံကြောင်း သံသယရှိသူအဖြစ် ဖမ်းဆီးခဲ့သူများမှာ ဂျာမန် (၂) ဦးနှင့် ရုရှား(၁)ဦးတို့ ဖြစ်သည်။ 

ဒီမိုကရေစီကို ခုခံကာကွယ်နိုင်ကြောင်းနှင့် ဒီဇင်ဘာလ (၇) ရက် နံနက်ပိုင်းမှစပြီး အဓိကကျသည့် အကြမ်းဖက်လှုပ်ရှားမှု တိုက်ဖျက်ရေး လုပ်ဆောင်နေကြောင်း ဂျာမန်တရားရေးဝန်ကြီး Marco Buschmann က ပြောသည်။

"ဗဟိုအစိုးရရှေ့နေက သံသယရှိတဲ့ အကြမ်းဖက်ကွန်ရက်တစ်ခုကို စုံစမ်းစစ်ဆေးနေပါတယ်။ အစိုးရအဖွဲ့ကို လက်နက်ကိုင်တိုက်ခိုက်ဖို့ စီစဥ်ထားတယ်လို့ သံသယရှိပါတယ်" ဟု ၎င်းက Twitter တွင် ရေးသားထားသည်။ 

ဗဟိုအစိုးရရှေ့နေရုံး၏ ထုတ်ပြန်ချက်အရ ရှာဖွေစီးနင်းမှုများ ဆက်လက် လုပ်ဆောင်နေပြီး နောက်ထပ် သံသယရှိသူ (၂၇) ဦးကို ပစ်မှတ်ထားကြောင်း သိရသည်။

ဂျာမနီတွင် မကြာသေးမီ နှစ်များအတွင်း လက်ယာဝါဒီ အစွန်းရောက်မှု အားကောင်းလာခြင်းကို ကိုင်တွယ်ရန် ရုန်းကန်နေခဲ့ရသည်။ 

၂၀၂၀ ခုနှစ် ဇွန်လအတွင်းက KSK ဟု သိထားကြသည့် ဂျာမန်စစ်တပ်၏ အထူးတပ်ဖွဲ့တစ်ဖွဲ့ကို လက်ယာစွန်းရောက်များ စုစည်းပါဝင်နေမှုကြောင့် တစ်စိတ်တစ်ပိုင်း ဖျက်သိမ်းခဲ့ရသည်။ 

KSK အဖွဲ့က အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးနှင့် ဓားစာခံဖမ်းဆီးထားမှုကဲ့သို့ ဖြစ်ရပ်များကို စစ်ဆင်ရေးလုပ်ဆောင်ကြောင်း AFP သတင်းဌာနက ဆိုသည်။

၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလအတွင်းက ဖရန့်ဖတ်မြို့အနီး Hanau မြို့ရှိ ဘားဆိုင် (၂) ဆိုင်တွင် လူအစုလိုက်အပြုံလိုက်ကို ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး (၉) ဦး သေဆုံးခဲ့သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ 

ထိုဖြစ်ရပ်မှ သေနတ်သမားမှာ လက်ယာစွန်းရောက်တစ်ဦးဖြစ်ပြီး လူမျိုးရေးခွဲခြားမှုအရ ပစ်ခတ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ထိုစဥ်က ဂျာမနီဝန်ကြီးချုပ်ဖြစ်သူ အန်ဂျလာမာကယ်က ပြောခဲ့သည်။

Source: CNN, Reuters

Photo: Christian Mang/Reuters,  REUTERS/Tilman Blasshofer,