ယူကရိန်းစစ်ပွဲတွင် ယူကရိန်း - ရုရှား နှစ်ဘက်လုံးမှ စစ်သား  (၂)သိန်းဝန်းကျင် သေဆုံးခဲ့ကြောင်း အမေရိကန် ခန့်မှန်း

ယူကရိန်းစစ်ပွဲတွင် ယူကရိန်း - ရုရှား နှစ်ဘက်လုံးမှ စစ်သား  (၂)သိန်းဝန်းကျင် သေဆုံးခဲ့ကြောင်း အမေရိကန် ခန့်မှန်း
နိုဝင်ဘာ 11, 2022 | နိုင်ငံတကာသတင်း
By Mr John

 

ယူကရိန်းစစ်ပွဲတွင် ရုရှားစစ်သား တစ်သိန်း ဝန်းကျင်နှင့် ယူကရိန်းစစ်သား တစ်သိန်း ဝန်းကျင် သေဆုံး သို့မဟုတ် ဒဏ်ရာရခဲ့ကြောင်း အမေရိကန် ထိပ်တန်စစ်ဗိုလ်ချုပ်ကြီးက ခန့်မှန်းပြောကြားသည်။ 

အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်များ အကြီးအကဲ ဗိုလ်ချုပ်ကြီး Mark Milley က ယူကရိန်းစစ်ပွဲအတွင်း အရပ်သား လေးသောင်းခန့် သေဆုံးခဲ့သည်ဟုလည်း ဆိုသည်။

စစ်ပွဲနှင့်ပတ်သက်၍ ယူကရိန်းက ရုရှားနှင့် ဆွေးနွေးညှိနှိုင်းမှု ပြန်လုပ်ရန် ဆန္ဒရှိနေကြောင်းလည်း အမေရိကန်ဗိုလ်ချုပ်ကြီးက ပြောသည်။ 

မကြာသေးမီ ရက်များအတွင်း ယူကရိန်းက ရုရှားနှင့် ဆွေးနွေးမှုအချို့လုပ်ရန် ဆန္ဒရှိမှုကို ပြသခဲ့သည်ဟုဆိုသည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးက ဆွေးနွေးညှိနှိုင်းမှုများ မစတင်မီ ရုရှားသမ္မတ ဗလာဒီမာပူတင် ရာထူးမှ ဖယ်ရှားရမည်ဟု တောင်းဆိုမှုကို စွန့်လွှတ်လိုက်ပြီးနောက် ယူကရိန်းထံမှ ဆွေးနွေးလိုသည့် အရိပ်အယောင် တွေ့လာရသည်။ 

သို့သော် ဆွေးနွေးညှိနှိုင်းမှု အောင်မြင်ရန်အတွက် စစ်ပွဲကာလ အောင်ပွဲတစ်ရပ်ကို စစ်ရေးနည်းလမ်းများဖြင့် မရနိုင်ကြောင်း ရုရှားနှင့် ယူကရိန်း နှစ်ဘက်လုံးက အသိအမှတ်ပြုရန် လိုအပ်သည်ဟု ဗိုလ်ချုပ်ကြီး Mike Milley က ပြောသည်။

စစ်ပွဲကြောင့် သေဆုံးဒဏ်ရာရမှုပမာဏက လာမည့် ဆောင်းရာသီလများအတွင်း အေးခဲသည့် အခြေအနေများကြောင့် တိုက်ခိုက်မှုများ နှေးကွေးနိုင်ချိန်တွင် ရုရှားနှင့် ယူကရိန်းတို့ကြား ဆွေးနွေးညှိနှိုင်းမှုလုပ်ရန် လိုအပ်ကြောင်း လက်ခံစေနိုင်သည်ဟု အမေရိကန်ဗိုလ်ချုပ်ကြီးက သုံးသပ်သည်။ 

စစ်ပွဲအတွင်း ရုရှားစစ်သား တစ်သိန်း ကျော် သေဆုံးခဲ့သလို ယူကရိန်းဘက်တွင်လည်း ထိုအရေအတွက်အတိုင်း သေဆုံးခဲ့နိုင်သည်ဟု ၎င်းကဆိုသည်။

ရုရှားနှင့် ယူကရိန်းတို့ကမူ စစ်ပွဲအတွင်း သေဆုံးမှု အခြေအနေကို ထိန်းထန်းသိမ်းသိမ်း ထုတ်ပြန်နေခဲ့သည်။ 

စက်တင်ဘာလအတွင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းစစ်ပွဲတွင် ရုရှားတပ်ဖွဲ့ဝင် (၅,၉၃၇) ဦး သေဆုံးခဲ့သည်ဟု နောက်ဆုံး ထုတ်ပြန်ထားပြီး ကာကွယ်ရေးဝန်ကြီး Sergei Shoigu က သေဆုံးမှုအရေအတွက် သိသာစွာ မြင့်တက်နေကြောင်း သတင်းများကို ပယ်ချခဲ့သည်။ 

ယူကရိန်းဘက်လည်း ဩဂုတ်လအတွင်း စစ်ဦးစီးချုပ် Valeriy Zaluzhniy က စစ်ပွဲအတွင်း ယူကရိန်းစစ်သား (၉,၀၀၀) သေဆုံးခဲ့ကြောင်း ပြောခဲ့သည်။

ဖေဖေါ်ဝါရီလ (၂၄) ရက်တွင် ရုရှားကျူးကျော်မှုနှင့်အတူ စစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးနောက် ဒုက္ခသည် (၁၅) သန်းနှင့် သန်း (၃၀) ကြားရှိလာခဲ့ကြောင်း အမေရိကန်ဗိုလ်ချုပ်ကြီး Mike Milley က ပြောသည်။ 

ကုလသမဂ္ဂ၏ စာရင်းများအရ စစ်ပွဲကြောင့် ဥရောပတဝန်း ရုရှားအပါအဝင် နိုင်ငံများတွင် ယူကရိန်းမှ ဒုက္ခသည် (၇.၈) သန်းရှိကြောင်း သိရသည်။ 

သို့သော် ကုလသမဂ္ဂစာရင်းတွင် စစ်ပွဲကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးရသော်လည်း ယူကရိန်းနိုင်ငံအတွင်း၌ပင် ဆက်ရှိနေသူများ မပါဝင်ဟု ဆိုသည်။

ပုံအညွှန်း - ယူကရိန်းနိုင်ငံအတွင်းက စစ်ပွဲပုံရိပ်များ ဖြစ်သည်။

 

Source: BBC

Photo: Володимир Зеленський