တာချီလိတ်မြို့တွင် လောင်းကစားလုပ်ငန်းများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ရဲဝန်ထမ်းဟောင်းတစ်ဦးကို စရဖ က ဖမ်းဆီး စစ်ဆေးနေ

တာချီလိတ်မြို့တွင် လောင်းကစားလုပ်ငန်းများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ရဲဝန်ထမ်းဟောင်းတစ်ဦးကို စရဖ က ဖမ်းဆီး စစ်ဆေးနေ

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ရဲဝန်ထမ်းလုပ်ရင်း လောင်းကစားလုပ်ငန်းများနှင့် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဗိုလ်လုံမြင့်ထွေးဟု ခေါ်သည့် ရဲဝန်ထမ်းဟောင်းတစ်ဦးကို ဖမ်းဆီးပြီး စရဖ က စစ်ဆေးနေကြောင်း သိရသည်။

ရဲဝန်ထမ်းဟောင်း မြင့်ထွေး ဆိုသူကို ၂၀၂၂ခုနှစ် ဒီဇင်ဘာလ(၁)ရက်နေ့ ညက ဖမ်းဆီးပြီး လက်ရှိတွင် စရဖ(စရတ)က စစ်ကြောရေး ပြုလုပ်နေကြောင်း သတင်းရင်းမြစ်များထံက သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက စစ်ဆေးမှုအတွင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ကြပ်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရမှုနှင့် ဆက်နွယ်သည့် အတွက်လည်း ဖမ်းဆီးသည်ဟု သတင်းများ ထွက်ပေါ်နေသလို ၎င်း၏ Music Zone KTV & Bar တွင်လည်း မူးယစ်ဆေးဝါးအသစ်ဖြစ်သည့် Happy နှင့် K များ ရောင်းချမှုကြောင့် ဖမ်းဆီးသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ၎င်းအား မည်သည့်အကြောင်းကြောင့် စရဖ က ဖမ်းဆီးသည်ကိုတော့ Tachileik News Agency အနေဖြင့် မသိရသေးပေ။

ရဲဝန်ထမ်းဟောင်း မြင့်ထွေး ဆိုသူသည် တာချီလိတ်မြို့မရဲစခန်းတွင် နယ်ထိန်းခေါင်းဆောင်အဖြစ် တာဝန်ယူစဉ်ကတည်းက ရပ်ကွက်အတွင်း လောင်းကစားဂိမ်းခုံလုပ်ငန်းများ အပါအဝင် လောင်းကစားလုပ်ငန်းများတွင် အမည်ခံပေးခြင်း၊ လစဉ်ကြေးများရယူပြီး ပြည်နယ်အဆင့်ဆင့်အထိ အထက်အရာရှိများကို ပံ့ပိုးပေးခြင်းများ ပြုလုပ်ပေးသူဟု နာမည်ဆိုးဖြင့် ကျော်ကြားသူဖြစ်သည်။

၎င်းသည် နယ်ထိန်းခေါင်းဆောင်အဖြစ်ကနေ နယ်ပြောင်းရွှေ့ခံရပြီးနောက်  မကြာမီတွင်  အထက်အကြီးအကဲများအထိ ပိုင်သည့် ၎င်းသည် လူကုန်တားရဲတပ်ဖွဲ့စိတ်(၁)တာချီလိတ် သို့ ရဲအုပ်ရာထူးဖြင့် ပြန်လည် ရောက်ရှိလာသူဖြစ်ပြီး မကြာမီက ၎င်းသည် ရဲဝန်ထမ်းအဖြစ်ကနေ ထွက်ထားသူဟု သိရသည်။

"တာချီလိတ်မှာရှိတဲ့ နေရာတော်တော်များများက သူ့ဟာတွေပဲ ဟိုးအရင်ကတည်းက တခြားနေရာတွေ ဝင်စစ် ဝင်ဖမ်းရင် သူတာဝန်ယူထားတဲ့ ဂိမ်းခုံတွေ ဖမ်းမခံရဘူး။ လောင်းကစားအသေးကနေ အကြီးအထိ သူ့ဟာတွေများတယ် အဲ့လိုတွေဆိုတော့ တပ်ဘက်ကလည်း မျက်စောင်းထိုးနေတာ ကြာပြီလို့ ပြောလို့ရနိုင်တယ်။  ဒီကိစ္စနဲ့ ပတ်သက်ပြီး နေပြည်တော်က အဘ တွေအထိ ပိုင်တဲ့ သူ့ရဲ့ အနီးဆုံးလူကလည်း မရ ရအောင်  လိုက်ပေးနေတယ်လို့လည်း ကြားတယ်။ အခုတော့ ဘယ်လို ခေါင်းစဉ်နဲ့ ဖမ်းသလဲဆိုတာတော့ ပြောလို့မရသေးဘူး။ လောလောဆယ်တော့ သူ့ရဲ ပိုင်ဆိုင်မှုတွေကိုလည်း စစ်နေတယ်ကြားတယ်။ ဒီမနက်ကလည်း သူ့လုပ်ငန်းတစ်ခုကို ဝင်စစ်တာ ထိုင်း(၃)ဦးလည်း ဖမ်းမိတယ်။ အရင် Boss ဒစ်စကိုဟောင်းနေရာမှာ Music Zone KTV & Bar ဆိုပြီး သူက  ပြန်ဖွင့်ထားတယ် အဲ့ဒါလည်း ဒီနေ့ကြည့်တာ သော့ခတ်ထားတာတွေ့တယ်"ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency သို့ ဒီဇင်ဘာလ (၂)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့တွင်အနေကြာသည့် ရဲဝန်ထမ်းအချို့နှင့် ရဲဝန်ထမ်းဟောင်းအချို့မှာ ရဲ အမည်ကို အသုံးချပြီး ဒေသတွင်း လောင်းကစားလုပ်ငန်းများတွင် ကြားပွဲစားအဖြစ် ငွေကြေးများစွာ ရယူပြီး ပါဝင်ပတ်သက်မှုများလည်းရှိနေသည်။

"သူက ပါးနပ်တယ် တခြားလူတွေလို ထင်ထင်ပေါ်ပေါ် မနေဘူး။ ပေါင်းတတ်သင်းတတ် လမ်းကြောင်းရှင်းတတ်တော့ သူ လောင်းကစားတွေကို အကြီးအကျယ်လုပ်တယ် ဆိုတာကိုလည်း တချို့က မသိကြဘူး။ သူ ပြန်လွတ်မှာသေချာပါတယ်။ ငွေတော့ အတော်ကုန်နိုင်မှာပေါ့။ သူ့ကိုတော့ ရဲအချင်းချင်းမှာတောင် ဘောစိ လို့ပဲ ခေါ်ကြတာ။"ဟု ၎င်းနှင့် နီးစပ်သူ တစ်ဦးက ပြောပြသည်။

၎င်း၏ နေအိမ်နှင့် လုပ်ငန်းနေရာအချို့တွင် ကျည်နှင့် Happy များလည်း ရှာဖွေ တွေ့ရှိကြောင်း သိရသည်။