ရုရှားနှင့် စစ်ပွဲအတွင်း ယူကရိန်းစစ်သည် (၁၃,၀၀၀) အထိ ကျဆုံးခဲ့ကြောင်း  ယူကရိန်းဘက်က  ထုတ်ဖော်ပြောကြား

ရုရှားနှင့် စစ်ပွဲအတွင်း ယူကရိန်းစစ်သည် (၁၃,၀၀၀) အထိ ကျဆုံးခဲ့ကြောင်း  ယူကရိန်းဘက်က  ထုတ်ဖော်ပြောကြား
ဒီဇင်ဘာ 3, 2022 | နိုင်ငံတကာသတင်း
By Mr John

ရုရှားကျူးကျော်မှု စတင်ခဲ့ပြီးနောက် စစ်ပွဲအတွင်း ယူကရိန်းစစ်သည် (၁၃,၀၀၀) အထိ ကျဆုံးခဲ့ကြောင်း ယူကရိန်းအစိုးရ အကြီးတန်းအရာရှိတစ်ဦးက ထုတ်ဖော်ပြောကြားလိုက်သည်။ 

ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီး၏ အကြံပေးပုဂ္ဂိုလ်ဖြစ်သူ Mykhailo Podolyak က ဖေဖေါ်ဝါရီလ (၂၄) ရက်တွင် ရုရှားကျူးကျော်မှ စတင်ခဲ့ပြီးနောက် စစ်ပွဲအတွင်း ယူကရိန်းစစ်သည် (၁၀,၀၀၀) နှင့် (၁၃,၀၀၀) ကြား ကျဆုံးခဲ့သည်ဟု ဆိုသည်။

စစ်ပွဲတွင် သေဆုံးဒဏ်ရာရမှု ကိန်းဂဏန်းများကို ယူကရိန်းနှင့်ရုရှား နှစ်ဘက်လုံးက ထုတ်ပြန်လေ့မရှိသော်လည်း သမ္မတဇီလန်းစကီး၏ အကြံပေးပုဂ္ဂိုလ် Podolyak ၏ ယခုပြောကြားမှုကို ယူကရိန်းစစ်တပ်က အတည်ပြုထားသည်ဟု ဆိုသည်။ 

ယူကရိန်းစစ်သည် (၁၀၀) နှင့် (၂၀၀) ကြား နေ့စဥ် ကျဆုံးနေကြောင်းလည်း Podolyak က ဇွန်လအတွင်း ပြောခဲ့ဖူးသည်။

ယူကရိန်းရုပ်သံသတင်းဌာန Channel 24 နှင့် တွေ့ဆုံပြောကြားရာတွင် သမ္မတဇီလန်းစကီး၏ အကြံပေးပုဂ္ဂိုလ် Podolyak က စစ်သည်များ ကျဆုံးမှုအခြေအနေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောခဲ့ခြင်းလည်း ဖြစ်သည်။

 ဗိုလ်ချုပ်ကြီးများနှင့် စစ်ဦးစီးချုပ် သမ္မတဇီလန်းစကီးတို့၏ တရားဝင် တွက်ဆမှုများအရ စစ်ပွဲအတွင်း ယူကရိန်းစစ်သည် (၁၀,၀၀၀) မှ (၁၂,၅၀၀ - ၁၃,၀၀၀) ကြား ကျဆုံးခဲ့သည်ဟု ၎င်းကဆိုသည်။

စစ်ပွဲအတွင်း ဒဏ်ရာရ သို့မဟုတ် ပျောက်ဆုံး သို့မဟုတ် တိုက်ပွဲ မဝင်နိုင်တော့သည့် ယူကရိန်းစစ်သည် (၁၀၀,၀၀၀) မှ (၁၅၀,၀၀၀) အထိရှိကြောင်းလည်း Podolyak က ပြောသည်။ 

ထို့အတူ စစ်ပွဲကြောင့် အရပ်သား သေဆုံးမှု အရေအတွက်မှာလည်း သိသိသာသာ မြင့်မားနိုင်ကြောင်း Podolyak က ပြောသည်။ 

ပြီးခဲ့သည့် ဇွန်လလယ်တွင် BBC သတင်းဌာနက သိရှိထားမှုအရ အရပ်သား (၃,၆၀၀) ခန့် သေဆုံးခဲ့သည်ဟု ဆိုသည်။ 

ယခုအခါ ထိုအရေအတွက်မှာ များစွာပိုမိုနိုင်ကြောင်း သိရသည်။

ဥရောပကော်မရှင်ဥက္ကဌ Ursula von der Leyen က စစ်ပွဲအတွင်း ယူကရိန်းအရပ်သား (၂၀,၀၀၀) သေဆုံးခဲ့ကြောင်း ယခင်က ပြောခဲ့ဖူးသည်။ 

ဥရောပကော်မရှင်က ထိုအရေအတွက်ကို ပြန်ရုပ်သိမ်းခြင်း မရှိခဲ့သော်လည်း နောက်ပိုင်း ထုတ်ပြန်သည့် ဗီဒီယိုများတွင် ဖယ်ရှားထားခဲ့သည်။ 

BBC ၏ ရုရှားဌာနက ဖော်ထုတ်သိရှိထားမှုအရ ဖေဖေါ်ဝါရီလ (၂၄) ရက် ကျူးကျော်မှုစတင်ခဲ့ပြီးနောက် ယူကရိန်းတွင် ဖြစ်ပွားနေသည့် စစ်ပွဲအတွင်း ရုရှားစစ်သား အနည်းဆုံး (၉,၃၁၁) ဦး သေဆုံးခဲ့ကြောင်း၊ သို့သော် အမှန်တကယ် အရေအတွက်မှာ (၁၈,၆၀၀) အထိ ဖြစ်နိုင်ကြောင်း သိရသည်။

အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်များ အကြီးအကဲ ဗိုလ်ချုပ်ကြီး Mark Milley ကမူ စစ်ပွဲအတွင်း ရုရှားစစ်သား (၁၀၀,၀၀၀) ခန့်နှင့် ယူကရိန်းစစ်သား (၁၀၀,၀၀၀) ခန့် သေဆုံးခဲ့ကြောင်း ခန့်မှန်းပြောြကားခဲ့သည်။ 

ယူကရိန်းစစ်ပွဲအတွင်း အရပ်သား (၄၀,၀၀၀) ခန့် သေဆုံးခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

Source: BBC

Photo: GETTY IMAGES, REUTERS,