ထိုင်းနိုင်ငံ ဘန်ကောက်သို့ ပွဲစားဖြင့် ရောက်လာသည့် မြန်မာတစ်ဦးက ဒုက္ခရောက်ပြီး သေကြောင်းကြံ၊ ထိုင်းရဲမှ စည်းရုံးကယ်တင်ပြီး သံရုံးနှင့် ချိတ်ဆက်ကာ နေရပ်ပြန်ပို့

ထိုင်းနိုင်ငံ ဘန်ကောက်သို့ ပွဲစားဖြင့် ရောက်လာသည့် မြန်မာတစ်ဦးက ဒုက္ခရောက်ပြီး သေကြောင်းကြံ၊ ထိုင်းရဲမှ စည်းရုံးကယ်တင်ပြီး သံရုံးနှင့် ချိတ်ဆက်ကာ နေရပ်ပြန်ပို့
နိုဝင်ဘာ 26, 2022 | အလုပ်သမားရေးရာ

 ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ပွဲစားဖြင့် ရောက်ရှိလာသည့် အမျိုးသားတစ်ဦးသည် ပွဲစား၏ တိမ်းရှောင်မှုကြောင့် ဘာသာစကားမတတ်ကျွမ်းမှုနှင့်အတူ အလုပ်အကိုင်ရှာဖွေမှု အခက်အခဲများ ဖြစ်ပေါ်ကာ တံတားပေါ်မှ ခုန်ချပြီး သေကြောင်းကြံစည်မှုဖြစ်ပွား၍း ထိုင်းရဲ၏ စည်းရုံးနိုင်မှုကြောင့် ကယ်တင်နိုင်ပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ပေးနိုင်ခဲ့ကြောင်း သိရသည်။ 

ကရင်ပြည်နယ်၊ ဖားအံမြို့ တောင်ကလေးကျေးရွာအုပ်စုတွင် နေထိုင်သည့် အဒီးဆိုသူသည် ပွဲစားနှင့်အတူ ၂၀၂၂ခုနှစ် အောက်တိုဘာလ၏ နောက်ဆုံးပတ်အတွင်းက ထိုင်းနိုင်ငံ ဘန်ကောက်သို့ ရောက်ရှိလာပြီးနောက် ၎င်းယုံကြည်အားကိုးထားသည့် ပွဲစားဆိုသူမှာ  ၎င်းအားထားခဲ့ပြီး ရှောင်ထွက်သွားရာမှ တဆင့် အခက်အခဲများနှင့်ရင်ဆိုင်နေရပြီး အလုပ်အကိုင် နှင့် နေထိုင်စားသောက်ရန်အတွက်ပါ အခက်အခဲများဖြစ်ပေါ်ပြီးနောက် စိတ်ကျရောဂါရရှိလာပြီး နိုဝင်ဘာလ(၁၃)ရက်နေ့တွင် ဘန်ကောက်မြို့ရှိ ဖလမ်ကောက်လမ်းရှိ တံတားပေါ်ကနေ ခုန်ချပြီး သေကြောင်း ကြံစည်ခြင်း ဖြစ်ကြောင်း ဘန်ကောက် မြန်မာသံရုံးက သတင်းထုတ်ပြန်ထားသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ဘန်ကောက်မြို့ မက္ကဆန်ရဲစခန်းမှ ရဲမှူး ณรงค์เดช บุตรน้ำเพชร က အဒီးအား ခုန်မချရန် စည်းရုံးပြောဆိုကာ ကယ်တင်နိုင်ခဲ့ပြီးနောက် လဝက၏ ဘန်းခင်းထိန်းသိမ်းမှုစင်တာတွင် Quarantine ထားရှိပြီး ဘန်ကောက် မြန်မာသံရုံးမှ တာဝန်ရှိသူများနှင့် ဆက်သွယ်မှုရရှိပြီး အဒီးအား တွေ့ဆုံကာ ခရီးစရိတ်ထောက်ပံ့ပြီး နေရပ်ပြန်ပို့ရန်အတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အဒီးသည် မြန်မာသံရုံးနှင့်ထိုင်းရဲတပ်တို့၏ စီစဉ်မှုဖြင့်  နိုဝင်ဘာလ(၂၅)ရက်နေ့ ညက ဘန်ကောက်မြို့ကနေမဲဆောက်သို့ ပို့ဆောင်ပေးပြီး ယနေ့ နိုဝင်ဘာလ(၂၆)ရက်နေ့တွင် မဲဆောက်သို့ ရောက်ရှိသွားကြောင်းနှင့် မဲဆောက်မှတဆင့် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ပြီး နေရပ်ပြန်လည်ပို့ဆောင်ရေးအတွက် စီစဉ်လျှက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာမည့် မြန်မာနိုင်ငံသားများအနေဖြင့် လူမှောင်ခိုဂိုဏ်းများကို သတိပြုကြရန်လည်း ဘန်ကောက် မြန်မာသံရုံးက အသိပေးထားရှိသည်။