ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့မှ Covid-19 အတည်ပြုလူနာ ဆေးရုံဆင်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့မှ Covid-19 အတည်ပြုလူနာ ဆေးရုံဆင်း
အောက်တိုဘာ 23, 2020
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့မှ Covid-19 အတည်ပြုလူနာ ဆေးရုံဆင်း
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့ရှိ ပြည်သူ့ဆေးရုံတွင် ကုသပေးနေသည့် COVID 19 အတည်ပြုလူနာ(Case 30068)မှာ ပြန်လည်ကျန်းမာလာပြီဖြစ်၍ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၃)ရက်နေ့၌ ဆေးရုံဆင်းခွင့်ပေးလိုက်ပြီး နေအိမ်၌ (၇)ရက် သီးသန့်ဆက်လက်နေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။
"သူကတော့ သိပ်ပြီးလက္ခဏာလည်းမပြ၊ ဖျားတာတောင် မရှိဘူးဆိုတော့ သူကတော့ အဆင်ပြေပါတယ်။ လိုမှအခန်းထဲဝင်မယ် ပြောထားပြီး ဒစ်ဂျစ်တယ်ပရက်ရှာကဒ်လေး ပေးထားတယ်။ သူ့ဘာသာတိုင်းပြီး အထဲကနေ အော်ပေးတယ်။ ကျွန်တော်တို့က လိုမှဝင်မယ်ဆိုပြီး သူ့ဘေးနားကအိမ်မှာတော့ သူနာပြုနှစ်ယောက် ထားထားပေးတယ်။ လူနာထားတဲ့အခန်းဘက်မှာ ရေချိုးခန်းနဲ့အိမ်သာလည်း သီးသန့်ထားပေးတယ်။ မနက်တစ်ခါ၊ ညတစ်ခါတော့ ကျွန်တော်တို့ ကြည့်ပေးတယ်။ ကျန်တာကတော့ ထမင်းနဲ့ဟင်းကိုတော့ တစ်နေ့ (၃)ခါပို့ပေးပါတယ်။ သူက သိပ်လည်းဖျားတာ မဟုတ်တော့ ဆေးတောင် မထိုးရပါဘူး"ဟု မိုင်းတုံပြည်သူ့ဆေးရုံအုပ် ဒေါက်တာသက်ခိုင်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ အောက်တိုဘာလ(၂၃)ရက်နေ့တွင် ပြောသည်။
အဆိုပါ အတည်ပြုလူနာနှင့် ထိတွေ့သူများအား အသွားအလာကန့်သတ်၍ RDT  ဖြင့် (၂)ကြိမ်စစ်ဆေးပေးရာ COVID 19 ပိုးမတွေ့ရသဖြင့် အောက်တိုဘာလ (၂၆)ရက်နေ့အထိ နေအိမ်အသီးသီးတွင် သီးသန့်နေထိုင်စေကြောင်း သိရသည်။
အတည်ပြုလူနာနှင့်တစ်ဆင့်ထိတွေ့သူ (၁၂) ဦး၏ ဓာတ်ခွဲနမူနာများကို အောက်တိုဘာလ (၂၄)ရက်နေ့၌ ကျိုင်းတုံမှတစ်ဆင့် တောင်ကြီးဓာတ်ခွဲခန်းသို့ ပို့စစ်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းတုံမြို့တွင်  တောင်ကြီးမှလာသည့် ကုန်ပစ္စည်းတင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အား မြို့အဝင်၌ RDT ဖြင့် စစ်ဆေးရာမှ ရှမ်းမင်းသားယာဉ်လိုင်းမှ မော်တော်ယာဉ်မောင်း (၁)ဦးတွင် COVID 19 ပိုးတွေ့ရခြင်းဖြစ်သည်။ 
အဆိုပါ အတည်ပြုလူနာအား မြို့အဝင်တွင် RDT  ဖြင့်စစ်ဆေးပေးသည့် ကျန်းမာရေးဝန်ထမ်းမှာ COVID 19 ကူးစက်ခံရသဖြင့် ကျိုင်းတုံပြည်သူ့ဆေးရုံ၌ ကုသမှုခံယူနေပြီး အဆိုပါ အတည်ပြုလူနာနှင့် ထိတွေ့သည့် မိုင်းဆတ်မြို့မှ အမျိုးသား (၁)ဦးတွင်လည်း COVID 19 ပိုးတွေ့ရသဖြင့် မိုင်းဆတ်ဆေးရုံ၌ ကုသမှုခံယူနေခြင်းဖြစ်သည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် မိုင်းတုံ၊ မိုင်းဆတ်၊ ကျိုင်းတုံနှင့် မိုင်းပျဉ်းတို့တွင် ကုသမှုခံယူနေသည့် အတည်ပြုလူနာ (၄)ဦးရှိသည့်အနက် မိုင်းတုံမှ အတည်ပြုလူနာ ဆေးရုံဆင်းပြီဖြစ်၍ ကုသမှုခံယူနေသူ (၃)ဦးကျန်နေခြင်းဖြစ်သည်။
  Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~