တရုတ်နှင့် စစ်အေးတိုက်ပွဲအသစ် ရှိလာမည် မဟုတ်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ကတိပြု

တရုတ်နှင့် စစ်အေးတိုက်ပွဲအသစ် ရှိလာမည် မဟုတ်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ကတိပြု
နိုဝင်ဘာ 15, 2022 | နိုင်ငံတကာသတင်း
By Mr John

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က တရုတ်နှင့် စစ်အေးတိုက်ပွဲအသစ် ရှိလာမည်မဟုတ်ဟု ကတိပြုလိုက်သည်။ 

တရုတ်သမ္မတ ရှီကျင့်ဖျင့်နှင့် ပဋိပက္ခရှောင်ရှားရေး တွေ့ဆုံဆွေးနွေးပြီးနောက် ဘိုင်ဒန်က ထိုသို့ ကတိပြု ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။ 

၎င်းအနေဖြင့် တရုတ်က ထိုင်ဝမ်ကို ကျူးကျော်မည်ဟု မယူဆထားကြောင်းလည်း အမေရိကန်သမ္မတဘိုင်ဒန်က ဆိုသည်။

ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံ ခေါင်းဆောင်များက ဘိုင်ဒန် သမ္မတဖြစ်လာပြီးနောက် ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။ 

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပပြုလုပ်သည့် G20 ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး မတိုင်မီ ၎င်းတို့နှစ်ဦး တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ 

ဘိုင်ဒန်နှင့်ရှီကျင့်ဖျင်တို့ တွေ့ဆုံဆွေးနွေးမှုမှာ (၃) နာရီကျော်ကြာခဲ့ပြီး မြောက်ကိုရီးယားအရေး၊ ထိုင်ဝမ်အရေးနှင့် ရုရှားက ယူကရိန်းကို ကျူးကျော်မှုကိစ္စရပ်များကို အဓိကထားပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်။

ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ အမေရိကန်နှင့်တရုတ်တို့ကြား မကြာသေးမီက တင်းမာမှုများ မြင့်တက်နေခဲ့သည်။ 

အထူးသဖြင့် အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပယ်လိုစီက ထိုင်ဝမ်ကျွန်းသို့ ဩဂုတ်လအတွင်း လာရောက်စဥ်က ဆက်ဆံရေးတင်းမာမှု မြင့်တက်လာခဲ့သည်။ 

တရုတ်က နန်စီ၏ ခရီးစဥ်ကို ဆန့်ကျင်ကန့်ကွက်မှုအဖြစ် ထိုင်ဝမ်ကျွန်းပတ်လည်တွင် အကြီးစား စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ခဲ့ရာ အမေရိကန်နှင့်တရုတ်တို့ကြား ပဋိပက္ခဖြစ်လာနိုင်ကြောင်း စိုးရိမ်ပူပန်မှုများရှိလာခဲ့သည်။

နိုဝင်ဘာလ (၁၄) ရက်နေ့က ဘာလီကျွန်းတွင် ဘိုင်ဒန်နှင့်ရှီကျင့်ဖျင်တို့ မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ကြရာတွင် အမေရိကန်နှင့်တရုတ်က မိမိတို့၏ ကွဲပြားမှုများကို ကိုင်တွယ်ဆောင်ရွက်နိုင်ပြီး အားပြိုင်မှုမှုကနေ ပဋိပက္ခမဖြစ်စေရန် တားဆီးနိုင်ကြောင်း ကမ္ဘာကို ပြသရန် တာဝန်ခွဲဝေယူကြသည်ဟု ဘိုင်ဒန်ကပြောခဲ့သည်။ 

၎င်းတို့နှစ်ဦးလုံးက ပဋိပက္ခရှောင်ရှားနိုင်ရန် မျှော်လင့်ထားကြကြောင်းလည်း သိရသည်။

ယခုတွေ့ဆုံမှုအတွင်း နျူကလီးယားလက်နက်များကို ယူကရိန်းတွင် အပါအဝင် မည်သည့်အခါမျှ အသုံးမပြုသင့်ကြောင်း ဘိုင်ဒန်နှင့်ရှီကျင့်ဖျင်တို့ သဘောတူညီခဲ့ကြကြောင်း အမေရိကန်သ္မတအိမ်ဖြူတော်က ထုတ်ပြန်သည်။ 

တရုတ်က ထိုင်ဝမ်ကို ကျူးကျော်ရန် ကြိုးပမ်းနေမှုမရှိကြောင်းလည်း သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံပြီးနောက် အမေရိကန်သမ္မတဘိုင်ဒန်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

သို့သော် ၎င်းတို့နှစ်ဦး တွေ့ဆုံဆွေးနွေးမှုတွင် ဘိုင်ဒန်က မြောက်ကိုရီးယားကိစ္စ တရုတ်ကို သတိပေးခဲ့ပြီး ထိုင်ဝမ်အရေးတွင် ပြင်းထန်သည့် စကားလုံးသုံးနှုန်း ပြောဆိုမှုရှိခဲ့သည်ဟု ဆိုသည်။

G20 နိုင်ငံများ ထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် နိုဝင်ဘာလ (၁၅) ရက်နှင့် (၁၆) ရက် နှစ်ရက်ကြာ ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

 G20 ထိပ်သီးအစည်းအဝေးများမှာ ပုံမှန်အားဖြင့် နိုင်ငံတကာငွေကြေးတည်ငြိမ်မှု၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် စဥ်ဆက်မပြတ် တိုးတက်ဖွံ့ဖြိုးရေးကဲ့သို့ ကမ္ဘာ့စီးပွားရေးနှင့် ဆက်နွယ်သည့်ကိစ္စရပ်များကို ပြောဆိုဆွေးနွေးကြလေ့ရှိသည့် ကမ္ဘာ့အကြီးဆုံး စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲဖြစ်သည်။

Source: BBC