တာချီလိတ်မြို့တွင် အလုပ်မှပြန်လာသည့် အမျိုးသမီးကို ရိုက်နှက်ပြီး ဆိုင်ကယ်လုယူသွား

တာချီလိတ်မြို့တွင် အလုပ်မှပြန်လာသည့် အမျိုးသမီးကို ရိုက်နှက်ပြီး ဆိုင်ကယ်လုယူသွား

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်း ဝမ်မိုင်ရွာတွင် အလုပ်မှ ပြန်လာသည့် အမျိုးသမီးတစ်ဦးကို တုတ်ဖြင့် ရိုက်နှက်ပြီး ဆိုင်ကယ်လုယူသွားမှု ယနေ့ ၂၀၂၁ခုနှစ် မေလ(၃၀)ရက်နေ့ နံနက်အစောပိုင်းက ဖြစ်ပွားကြောင်း သိရသည်။

ယနေ့ မေလ(၃၀) နံနက်(၅)နာရီဝန်းကျင်အချိန်က အလုပ်မှ ပြန်လာသည့် အမျိုးသမီး(လူငယ်)တစ်ဦးသည် ပုံလို့လမ်းအနီး ဝမ်မိုင်ရွာဘက်သို့သွားသည့် လမ်းကြောင်းပေါ် လမ်းပြင်နေသည့် နေရာအရောက်တွင် အမည်မသိ လူ(၂)ဦးက တုတ်ဖြင့်လှမ်းရိုက်ပြီး ဆိုင်ကယ်လုယူသွားခြင်း ဖြစ်ကြောင်း သိရသည်။

ရိုက်ခံရသည့် အမျိုးသမီး(လူငယ်)သည် လက်ကို ရိုက်ခံရ၍ ဒဏ်ရာရရှိသွားကြောင်းနှင့် လုယက်ခံလိုက်ရသည့် ဆိုင်ကယ်အမျိုးအစားမှာ ၂၀၁၇ခုနှစ်ထုတ် Zoomar X အမျိုးအစားဖြစ်ပြီး အင်ဂျင်အမှတ် - JF62E -0179144 ဖြစ်၍ အဆိုပါ ဆိုင်ကယ်အား တွေ့ရှိရသည်ဖြစ်စေ၊ လာရောက်ရောင်းချသည် ဖြစ်စေ ဖုန်း 09883656322 သို့ ဆက်သွယ်အကြောင်းကြားပေးနိုင်ရန် အကူအညီတောင်းခံထားရှိသည်။

တာချီလိတ်မြို့တွင် အလုပ်လုပ်ကိုင်နေကြသည့် လူငယ်များထဲတွင် ညဆိုင်းကျပြီး နံနက်အစောပိုင်း ပြန်လာကြသည့် လူငယ်များထဲက အမျိုးသမီးအများစုမှာ ယခုလို လုယက်ခံရမှုများ မကြာခဏ ဖြစ်ပေါ်နေပြီး အများဆုံးမှာ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း နှင့် ဝမ်မိုင်ရွာသို့ သွားရာလမ်းတွင် အဖြစ်များကြောင်း သိရသည်။ 

 

တာချီလိတ်မြို့တွင် ဆိုင်ကယ်ခိုးမှုသည် နေ့စဉ်ဖြစ်ပေါ်နေပြီး ခိုးမှုမှတည် လုယက်မှုများအထိ ဖြစ်ပွားလာနေသော်လည်း  ဖမ်းဆီးအရေးယူခြင်း တစ်စုံတစ်ရာမရှိသေးကြောင်း သိရသည်။