အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပယ်လိုစီ၏နေအိမ် ဖောက်ထွင်းခံရပြီး ခင်ပွန်းဖြစ်သူ တိုက်ခိုက်ခံရ၍ ဆေးရုံရောက်

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပယ်လိုစီ၏နေအိမ် ဖောက်ထွင်းခံရပြီး ခင်ပွန်းဖြစ်သူ တိုက်ခိုက်ခံရ၍ ဆေးရုံရောက်
အောက်တိုဘာ 29, 2022 | နိုင်ငံတကာသတင်း
By Mr John

အမေရိကန်နိုင်ငံ အောက်လွှတ်တော် ဥက္ကဌ နန်စီပယ်လိုစီ၏ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ရှိ နေအိမ်ကို လူတစ်ဦးက ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး လွှတ်တော်ဥက္ကဌ၏ ခင်ပွန်းဖြစ်သူအား ကြမ်းတမ်းစွာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

နန်စီပယ်လိုစီ၏ခင်ပွန်း အသက် (၈၂) နှစ်အရွယ် ပေါလ်ပယ်လိုစီမှာ တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရခဲ့ပြီး ဆေးရုံတင်ထားရကြောင်းနှင့် အပြည့်အဝ ပြန်ကောင်းလာမည်ဟု မျှော်လင့်ရကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

အမည်မဖော်ပြထားသည့် တိုက်ခိုက်သူကို ဖမ်းဆီးရမိခဲ့သော်လည်း မည်သည့်အတွက် ထိုသို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မသိရသေးဟု ဆိုသည်။ 

အောက်တိုဘာလ (၂၈) ရက် နံနက်ပိုင်းက ထိုဖြစ်ရပ်ဖြစ်ပွားခဲ့စဥ်က အောက်လွှတ်တော်ဥက္ကဌ နန်စီပယ်လိုစီမှာ ဆန်ဖရန်စစ္စကို နေအိမ်တွင် ရှိမနေခဲ့ကြောင်းလည်း သိရသည်။ 

နန်စီပယ်လိုစီတို့ ဇနီးမောင်နှံမှာ ၁၉၆၃ ခုနှစ်တွင် လက်ထပ်ခဲ့ကြခြင်း ဖြစ်သည်။

အသက် (၈၂) နှစ်အရွယ် နန်စီပယ်လိုစီမှာ အမေရိကန်တွင် ဩဇာအကြီးမားဆုံး နိုင်ငံရေးသမားများအနက် တစ်ဦးဖြစ်သည်။ 

သူမက ၂၀၂၁ ခုနှစ်တွင် အောက်လွှတ်တော်ဥက္ကဌအဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရသည်။ 

သူမ၏ခင်ပွန်း ပေါလ်ပယ်လိုစီမှာ သန်းကြွယ်သူဌေးတစ်ဦးဖြစ်ပြီး ဆန်ဖရန်စစ္စကိုအခြေစိုက် အိမ်ခြံမြေနှင့် အကျိုးတူ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုကို တည်ထောင်လုပ်ကိုင်နေသည်။ 

ပေါလ်ပယ်လိုစီမှာ ယခုနှစ်အစောပိုင်းက အရက်မူးပြီး ကားမောင်းမှုနှင့် ထိခိုက်ဒဏ်ရာရစေမှုအတွက် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။ 

၎င်းက အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုခဲ့ပြီး ထောင်ဒဏ် (၅) ရက် ချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

Source: BBC

Photo:  DOUG MILLS / THE NEW YORK TIMES,Justin Sullivan/Getty Images, KGO TV,