ဧရာဝတီတိုင်းအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး ပြန်လွတ်

ဧရာဝတီတိုင်းအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး ပြန်လွတ်
ဇန်နဝါရီ 4, 2024 | 2021 Military Coup| အခြားဒေသများ

ဧရာဝတီတိုင်းဒေသကြီး NLD အစိုးရအဖွဲ့၏ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးမှာ ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ပြန်လွတ်လာပြီဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူများထံမှ သိရသည်။

စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့က ဖမ်းဆီးခံရသည့် ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင်များကို စစ်ကောင်စီက ပြန်လည်လွှတ်ပေးခဲ့ရာ အစိုးရတစ်ဖွဲ့လုံးနီးပါးသည် ပြီးခဲ့သည့်နှစ်များက ပြန်လွတ်လာခဲ့သော်လည်း ထောင်ချခံထားရသည့် ဒေါက်တာလှမြတ်သွေးမှာ ယနေ့မှသာ ပြန်လွတ်လာခြင်းဖြစ်သည်။

ဒေါက်တာလှမြတ်သွေးသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ရေကြည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရသူဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁)ရက်နေ့ကတည်းက ပုသိမ်မြို့ရှိ ဝန်ကြီးများအိမ်ရာဝင်းအတွင်း၌ အကျယ်ချုပ်နှင့် (၂)နှစ်နီးပါး ဖမ်းဆီးခံရကာ ၂၀၂၂ခုနှစ် ဒီဇင်ဘာ (၂၈)ရက်နေ့တွင် ပုသိမ်ထောင်သို့ ပို့ဆောင်ခံခဲ့ရသူဖြစ်သည်။

ထို့နောက် ၎င်းကို ၂၀၂၃ခုနှစ် ဇန်နဝါရီလတွင် ပုဒ်မ ၅၀၅(ခ)ဖြင့် စစ်ကောင်စီက ထောင်ဒဏ် (၂)နှစ်ချမှတ်ခဲ့သည်။

၎င်းသည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ရေကြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးအဖြစ် တာဝန်ထန်းဆောင်ခဲ့သူလည်းဖြစ်ကာ ၂၀၂၀ခုနှစ် ရွေးကောက်ပွဲတွင်လည်း အရွေးချယ်ခံခဲ့ရသူဖြစ်သည်။

၎င်းနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် ဧရာဝတီတိုင်း NLD အစိုးရအဖွဲ့မှ ဦးလှမိုးအောင်(ဝန်ကြီးချုပ်)၊ ဦးဝင်းဌေး (လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး)၊ ဦးစန်းထွေး (လွှတ်တော် ဒုဥက္ကဌ)၊ ဒေါက်တာစိုးဝင်း (လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး)၊ ဦးဌေးဝင်း(စီမံဘဏ္ဍာဝန်ကြီး)တို့မှာ ပြီးခဲ့သည့်နှစ်များက ပြန်လည်လွတ်လာခဲ့သည်။

ယနေ့တွင် စစ်ကောင်စီက အကျဉ်းသား၊ အကျဉ်းသူ(၉၀၀၀)ကျော်ကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency