ကမ္ဘောဒီးယား ငွေလိမ်ဂိုဏ်းတွင် အလုပ်လုပ်ရန် မြန်မာနိုင်ငံမှ ခိုးဝင်လာသည့် တရုတ်အမျိုးသားကို ထိုင်းတွင် ဖမ်းမိ

ကမ္ဘောဒီးယား ငွေလိမ်ဂိုဏ်းတွင် အလုပ်လုပ်ရန် မြန်မာနိုင်ငံမှ ခိုးဝင်လာသည့် တရုတ်အမျိုးသားကို ထိုင်းတွင် ဖမ်းမိ
By Mr John

ကမ္ဘောဒီးယားနိုင်ငံရှိ ကောလ်စင်တာ (call center) ငွေလိမ်ဂိုဏ်းတွင် အလုပ်လုပ်ကိုင်ရန် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား အမျိုးသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

အဆိုပါ အမျိုးသားက ထိုင်းနိုင်ငံမှတစ်ဆင့် ကမ္ဘောဒီးယားနိုင်ငံအတွင်းသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ရန် ကြိုးပမ်းခဲ့ပြီး Poipet မြို့ရှိ ကောလ်စင်တာ ငွေလိမ်ဂိုဏ်းတွင် အလုပ်လုပ်ကိုင်ရန် ရည်ရွယ်ထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

နည်းပညာရာဇဝတ်မှု နှိမ်နင်းရေးဌာနခွဲမှ Technology Crime Suppression Division (TCSD) မှ ရဲအရာရှိများက တရုတ်နိုင်ငံသား Yan Zi Pong (၂၇ နှစ်) ကို Sa Kaeo ပြည်နယ် နယ်စပ်ခရိုင် Aranyaprathet ရှိ အစားအသောက်ဆိုင်တစ်ဆိုင်ရှေ့ လမ်းမပေါ်တွင် ၂၀၂၄ ခုနှစ် မေလ (၂) ရက်နေ့၌ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို Central Investigation Bureau (CIB) ၏ အဆိုအရ ထိုတရုတ်နိုင်ငံသားက ဘန်ကောက်မြို့မှ Aranyaprathet ခရိုင်သို့ သွားရောက်ရန် စီစဥ်နေခဲ့ပြီး ထိုမှတစ်ဆင့် တောလမ်းကနေ ကမ္ဘောဒီးယားကို နယ်စပ်ဖြတ်ကျော် ဝင်ရောက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းက ကမ္ဘောဒီးယားနိုင်ငံ Poipet မြို့ရှိ ကောလ်စင်တာ ငွေလိမ်ဂိုဏ်းတစ်ခုတွင် အလုပ်လုပ်ကိုင်ရန် ရည်ရွယ်ထားကြောင်း CIB စုံစမ်းစစ်ဆေးရေးမှူးများက ၂၀၂၄ ခုနှစ် မေလ (၃) ရက်နေ့တွင် ပြောသည်။

အရာရှိများက တရုတ်အမျိုးသား၏ လှုပ်ရှားသွားလာမှုများကို စောင့်ကြည့်နေပြီး နောက်ဆုံးတွင် ၎င်းကို Rong Klua နယ်စပ်ဈေး၌ ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ တရုတ်အမျိုးသား၏ ခရီးသွားလာမှုဆိုင်ရာ စာရွက်စာတမ်းများကို စစ်ဆေးရန် တောင်းခဲ့သော်လည်း ၎င်းက စာရွက်စာတမ်းများ မပြသနိုင်ခဲ့ဟု ဆိုသည်။

တရုတ်အမျိုးသားကို စစ်ဆေးမေးမြန်းမှုအတွင်း ၎င်းက မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံအတွင်းသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံ Piopet မြို့တွင် အလုပ်လုပ်ကိုင်ရန် ရည်ရွယ်ထားကြောင်း ဖော်ထုတ်သိရှိရသည်။

ထိုအမျိုးသားကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ပြီး ထိုင်းနိုင်ငံတွင် နေထိုင်ခွင့်မရှိဘဲ နေထိုင်မှုတို့ဖြင့် စွဲချက်တင်ထားသည်။

ဥပဒေအရ ဆက်လက် အရေးယူဆောင်ရွက်ရန် အရာရှိများက ၎င်းကို Khlong Luek ရဲစခန်းသို့ လွှဲပြောင်းလိုက်ကြောင်း သိရသည်။

Source: Bangkok Post