မြန်မာ့အရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးကို အောက်တိုဘာလ (၂၇) ရက်နေ့တွင် ပြုလုပ်မည်

မြန်မာ့အရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးကို အောက်တိုဘာလ (၂၇) ရက်နေ့တွင် ပြုလုပ်မည်
အောက်တိုဘာ 24, 2022 | နိုင်ငံတကာသတင်း
By Mr John

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကို ဆွေးနွေးရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးကို အောက်တိုဘာလ (၂၇) ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၌ ပြုလုပ်သွားမည်ဟု ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ (၂၃) ရက်တွင် အတည်ပြု ထုတ်ပြန်သည်။ 

ဂျကာတာမြို့ရှိ အာဆီယံ Association of Southeast Asian Nations (ASEAN) အထွေထွေအတွင်းရေးမှူးရုံးတွင် ပြုလုပ်သွားမည့် အထူးအစည်းအ‌‌ဝေး၌ မြန်မာစစ်အုပ်စုခေါင်းဆောင်နှင့် သဘောတူညီထားသည့် အာဆီယံဘုံသဘောတူညီချက် (၅) ချက်နှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဟု ဆိုသည်။

ယမန်နှစ်အတွင်း အာဆီယံနိုင်ငံခေါင်းဆောင်များနှင့် မြန်မာစစ်အုပ်စုခေါင်းဆောင်တို့ကြား မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများ အဆုံးသတ်ရေး ကြိုးပမ်းရန် သဘောတူညီချက် (၅) ချက် ရရှိခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသား Chum Sounry က Reuters သတင်းဌာနကို ပြောသည်။ 

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံ အရပ်သားအစိုးရထံမှ စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် အာဏာသိမ်းခဲ့ပြီးနောက် အကြမ်းဖက်မှုသံသရာလည်နေခဲ့သည်။

အာဏာသိမ်းစစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်နှင့် ထောင်နှင့်ချီသော တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၎င်းတို့ကို ကန့်ကွက်ဆန္ဒပြသူများနှင့် ဆန့်ကျင်သူများကို အကြမ်းဖက်ဖြိုခွင်းနေခဲ့သည်။ 

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးက လာမည့် နိုဝင်ဘာလအတွင်း ပြုလုပ်သွားမည့် အာဆီယံထိပ်သီးအစည်းအဝေး မတိုင်မီ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကို မည်ကဲ့သို့ တွန်းအားပေးရန် အကြံပြုမှုများ ရှာဖွေသွားမည်ဟု ဆိုသည်။

အတိုက်အခံများနှင့် ဆွေးနွေးရန်နှင့် တိုက်ခိုက်မှုများရပ်စဲရန် ပါဝင်သည့် ဘုံသဘောတူညီချက်များကို မြန်မာစစ်အုပ်စုက လိုက်နာအကောင်အထည်ဖော်ရန် ပျက်ကွက်နေခဲ့ရာ မြန်မာအပါအဝင် အဖွဲ့ဝင် (၁၀) နိုင်ငံဖြင့် ဖွဲ့စည်းထားသော အာဆီယံအဖွဲ့ကို စိတ်ကုန်လာမှု တိုးမြင့်လာသည်။ 

မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ကမူ အဆိုပါ ဘုံသဘောတူညီချက်များကို ဆက်လက်စွဲကိုင်ထားမည် သို့မဟုတ် နောက်ထပ် အစီအစဥ်သစ် အစားထိုးမည်ကို နိုဝင်ဘာလ အာဆီယံထိပ်သီးအစည်းအဝေးက ဆုံးဖြတ်ရန်လိုအပ်သည်ဟု ပြီးခဲသည့်လအတွင်း ပြောခဲ့သည်။

Source: Reuters