အမေရိကန်နိုင်ငံတွင် အပူချိန်ကြောင့် ကျွဲနွား အနည်းဆုံး (၂,၀၀၀)ကျော် သေဆုံး

အမေရိကန်နိုင်ငံတွင် အပူချိန်ကြောင့် ကျွဲနွား အနည်းဆုံး (၂,၀၀၀)ကျော် သေဆုံး
By Mr John

အမေရိကန်နိုင်ငံ ကန်းဆက်ပြည်နယ်တွင် အလွန်အမင်း ပူပြင်းမှုနှင့် စိုထိုင်းမှုကြောင့် မကြာသေးမီ ရက်များအတွင်း ထောင်နှင့်ချီသည့် ကျွဲနွားတိရိစ္ဆာန်များ သေဆုံးခဲ့ကြောင်းနှင့် ပြင်းထန်သည့် အပူချိန်က မွေးမြူရေးလုပ်ငန်းကို ဆက်လက် ခြိမ်းခြောက်နေကြောင်း သိရသည်။ 

မိုးခေါင်သည့်  ရာသီဥတု ကြောင့် အပါအဝင်  ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့မှုကြောင့် ကမ္ဘာတဝန်း ဂျုံ၊ ပြောင်းကဲ့သို့ အစေ့အဆန် တင်ပို့မှုများ လျော့ကျသွားခဲ့ရာမှ တိရိစ္ဆာန်အစာ ကုန်ကျစရိတ်မြင့်တက်မှုတို့ကြောင့် အမေရိကန်တွင် ကျွဲနွားမွေးမြူရေးလုပ်ငန်းများက မွေးမြူမှုပမာဏ လျှော့ချထားခဲ့ရသည်။ 

ထိုအခြေအနေတွင် ယခု ကျွဲနွားအကောင်ရေ ထောင်နှင့်ချီ သေဆုံးမှုက အမေရိကန် ကျွဲနွားမွေးမြူရေးလုပ်ငန်းကို ပိုမိုထိခိုက်စေခဲ့သည်။

ကန်းဆက်ပြည်နယ် ကျန်းမာရေးနှင့်ပတ်ဝန်းကျင်ဆိုင်ရာဌာနက ရရှိထားသည့် စာရင်းများအရ ဇွန်လ (၁၄) ရက်နေ့အထိ အပူချိန်မြင့်တက်မှုနှင့် စိုထိုင်းမှုတို့ကြောင့် ပြည်နယ်အတွင်း ကျွဲနွားအကောင်ရေ အနည်းဆုံး (၂,၀၀၀) သေဆုံးခဲ့ကြောင်း ပြောခွင့်ရပုဂ္ဂိုလ် Matthew Lara က ပြောသည်။ 

ထိုအရေအတွက်မှာ တိရိစ္ဆာန်အသေကောင်များကို စွန့်ပစ်ရာတွင် ကူညီရန်အတွက် ဌာနသို့ဆက်သွယ်လာသည့် စာရင်းများအရဖြစ်ကြောင်း ၎င်းကဆိုသည်။

ကန်းဆက်မှာ အမေရိကန်တွင် တက္ကဆက်နှင့် နီဘရာစကာပြီးလျှင် တတိယမြောက် ကျွဲနွားတိရိစ္ဆာန်အများဆုံး မွေးမြူသည့် ပြည်နယ်ဖြစ်ပြီး မွေးမြူရေးခြံများတွင် အကောင်ရေ (၂.၄) သန်းကျော်ရှိကြောင်း သိရသည်။ 

ရက်သတ္တပတ်ကုန် ရက်များအတွင်း ကန်းဆက်ပြည်နယ် အနောက်ပိုင်းတွင် အပူချိန်နှင့် စိုထိုင်းဆ မြင့်တက်ပြီး လေအေးတိုက်ခတ်မှု ပျောက်ကွယ်သွားခဲ့ရာမှ ကျွဲနွားများ အပူဒဏ် စတင်ခံစားခဲ့ရသည်ဟု ကန်းဆက်မွေးမြူရေးအသင်း၏ ပြောခွင့်ရပုဂ္ဂိုလ် Scarlett Hagins က ပြောသည်။ 

တိရိစ္ဆာန်များမှာ နေသားကျနေရာမှ ရုတ်ချည်းပြောင်းလဲမှုကို ခံနိုင်ခဲ့ကြဟု ၎င်းကဆိုသည်။

ကန်းဆက်ပြည်နယ် အနောက်တောင်ပိုင်းတွင် ဇွန်လ (၁၃) ရက်နေ့က အပူချိန် (၄၂) ဒီဂရီဆဲလ်စီးယပ်သို့ မြင့်တက်ခဲ့ကြောင်း World Weather Inc. ၏ ဥက္ကဌ Drew Lener က ပြောသည်။ 

ယခု ရက်သတ္တပတ်ကုန်တွင် ကန်းဆက်အနောက်ပိုင်းနှင့် Texas Panhandle နယ်မြေတို့တွင် အပူချိန် (၄၃) ဒီဂရီဆဲလ်စီးယပ်နီးပါးသို့ မြင့်တက်မည်ဖြစ်သော်လည်း လေပြင်းတိုက်မှုနှင့် စိုထိုင်းဆ လျော့ကျမှုတို့ကြောင့် ကျွဲနွားတိရိစ္ဆာန် သေဆုံးမှုနည်းပါးရန် အကူအညီဖြစ်လိမ့်မည်ဟု ကန်းဆက်ပြည်နယ်တက္ကသိုလ်မှ တိရိစ္ဆာန်ဆေးကုဆရာဝန် AJ Tarpoff က ဆိုသည်။

Source: Reuters