နီပေါတွင် ရေကြီးမှုနှင့်‌ မြေပြိုမှုများကြောင့် အနည်းဆုံး ၃၃ ဦး သေဆုံး

နီပေါတွင် ရေကြီးမှုနှင့်‌ မြေပြိုမှုများကြောင့် အနည်းဆုံး ၃၃ ဦး သေဆုံး
By Tachileik News Agency

နီပေါနိုင်ငံ အနောက်ပိုင်းတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် အနည်းဆုံး လူ (၃၃) ဦး သေဆုံးခဲ့ကြောင်း ပြည်တွင်းမီဒီယာက ဖော်ပြသည်။ 



နီပေါအနောက်မြောက်ပိုင်း Karnali ပြည်နယ်တွင် အဆိုးဆုံး မုတ်သုန်မိုးရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံ ထောင်နှင့်ချီ ရွှေ့ပြောင်းခဲ့ရကြောင်း အစိုးရတာဝန်ရှိသူများက ပြောသည်။



တောင်ပေါ်မှ ကျောက်တုံးပြိုကျမှုနှင့် ရေကြီးမှုများကြောင့် ရာနှင့်ချီသည့် နေအိမ်များ ပျက်စီးခဲ့ရပြီး Karnali ပြည်နယ်တဝန်း အနည်းဆုံး လူ (၂၂) ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး ဒဏ်ရာရသူအများအပြားရှိနေကြောင်း သိရသည်။ 



မိုးရွာသွန်းမှု ဆက်လက်ဖြစ်ပေါ်နေသဖြင့် တောင်တန်းဒေသသို့ ရောက်ရှိရန် အခက်အခဲများရှိကြောင်း ကယ်ဆယ်ရေးသမားများက ပြောသည်။



"ကျွန်တော်တို့ ရဲအရာရှိတွေကို ခေါ်ယူထားပါတယ်။ ရဟတ်ယာဥ်တစ်စီးနဲ့ Surkhet ခရိုင်ကနေ ကယ်ဆယ်ရေးလုပ်ဖို့ စီစဥ်ခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ဘဲ ရာသီဥတုအခြေအနေ ပိုကောင်းမလာတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းကို မျှော်မှန်းထားသလို မလုပ်ဆောင်နိုင်ပါဘူး" ဟု ရဲတပ်ဖွဲ့ပြောခွင့်ရ၏ ပြောကြားမှုကို Annapurna Post သတင်းက ဖော်ပြသည်။



ရေကြီးမြေပြိုမှုများအတွင်း ပျောက်ဆုံးနေသူအများစုမှာ မြေနိမ့်ပိုင်းဒေသ Kalikot ခရိုင်မှဖြစ်ကြောင်း သိရသည်။ 



မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း သတိပေးချက်များအရ ပြီးခဲ့သည့် သီတင်းပတ်အတွင်း အဆိုပါခရိုင်ရှိ လူဦးရေ ထောင်နှင့်ချီ၍ နေအိမ်များမှ ရွှေ့ပြောင်းခဲ့ကြရပြီး Karnali ပြည်နယ်၏ အချို့နေရာများတွင် မြစ်ရေမှာ ရေမျက်နှာပြင် (၃၉) ပေကျော်အထိ မြင့်တက်ခဲ့ကာ မြစ်ကိုဖြတ်ကူးထားသည့် ကြိုးတံတားများလည်း မျောပါပျက်စီးသွားကြသည်ဟု သိရသည်။



ရေကြီးမြေပြိုမှု ဖြစ်ပွားခဲ့သည့် ဒေသများသို့ အစိုးရက ရဟတ်ယာဥ်များဖြင့် အကူအညီများ ပေးပို့ထားပြီး ကုလသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှု အေဂျင်စီများကလည်း နီပေါအနောက်ပိုင်းရှိ ရေကြီးမြေပြိုမှု အဆိုးဆုံးဖြစ်ပွားခဲ့သည့် ဒေသများသို့ စားနပ်ရိက္ခာနှင့်ဆေးဝါးများ ဖြန့်ဝေပေးနေသည်ဟု သိရသည်။



ပုံမှန်အားဖြင့် နီပေါတွင် ဇွန်လမှ အောက်တိုဘာလအတွင်းကျရောက်သည့် မုန်သုန်ရာသီ ကုန်ဆုံးရန်နီးကပ်လာချိန်တွင် ပြင်းထန်သည့် မိုးလေဝသအခြေအနေ ကြုံရခြင်းဖြစ်ပြီး ယခုနှစ်အတွင်း မိုးရွာသွန်းမှုနှင့် ဆက်နွယ်သည့် ဘေးအန္တရာယ်ကြောင့် အနည်းဆုံး လူ (၁၁၀) ဦး သေဆုံးခဲ့သည်ဟု National Emergency Operation Centre ၏ စာရင်းများအရ သိရသည်။

Source: BBC