ရက္ခိုင့်တပ်တော် နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ အောက်တိုဘာလ၏ ပထမပတ်အတွင်း တိုက်ပွဲ ကြီးငယ် အကြိမ်(၂၀)ကျော်ဖြစ်ပွား၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိပြီး စကစ တပ်ဘက်က အထိနာကာ (၄၀)ဝန်းကျင် သေသွား

Photo:  ရက္ခိုင့်တပ်တော်(AA)
Photo: ရက္ခိုင့်တပ်တော်(AA)
ရက္ခိုင့်တပ်တော် နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ အောက်တိုဘာလ၏ ပထမပတ်အတွင်း တိုက်ပွဲ ကြီးငယ် အကြိမ်(၂၀)ကျော်ဖြစ်ပွား၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိပြီး စကစ တပ်ဘက်က အထိနာကာ (၄၀)ဝန်းကျင် သေသွား

 ရခိုင်ပြည်နယ်၊ ပလက်ဝဒေသတွင် အာဏာသိမ်းစစ်ကောင်စီတပ် နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား ၂၀၂၂ခုနှစ် အောက်တိုဘာလ၏ ပထမပတ်အတွင်း  တိုက်ပွဲကြီး (၁၀) ကျော် နှင့် တိုက်ပွဲငယ် (၁၀) ကျော်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က (၄၀)ဝန်းကျင် သေဆုံးခဲ့ပြီး (၂၅)ဦးအထက် မနည်းမှာလည်း ဒဏ်ရာရရှိသွားကြကြောင်း ရက္ခိုင့်တပ်တော်၏ သတင်းနှင့်ပြန်ကြားရေးက အောက်တိုဘာလ(၇)ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားရှိသည်ကို တွေ့ရသည်။

၂၀၂၂ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့ကနေ အောက်တိုဘာလ(၇)ရက်နေ့ နံနက်(၁)နာရီအချိန်အထိ နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ နှင့်အတူ တိုက်ပွဲငယ်များ အပါအဝင် စုစုပေါင်း တိုက်ပွဲ (၂၀)ကျော် ဖြစ်ပွားခဲ့ရာ AA ဘက်က ထိခိုက်ဒဏ်ရာ ရရှိသူ နှင့် တိုင်းပြည်အတွက် အသက်ပေးကာကွယ်သွားသည့် စစ်သည်တော် အချို့သာ ရှိခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။

အောက်တိုဘာလ(၁)ရက်နေ့ နံနက်(၉)နာရီအချိန်က စပြီး အောက်တိုဘာလ(၇)ရက်နေ့ နံနက်(၁)နာရီအချိန်အထိ ကျေးရွာပေါင်း (၁၀)ရွာအနီးဝန်းကျင်တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ အထိနာသည့် အာဏာသိမ်း စစ်ကောင်စီတပ်က    လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများ အကြိမ်ရေများစွာ လုပ်ဆောင်သည့်အပြင် တိုက်လေယာဉ်(၂)စီးဖြင့် ဗုံးကြံတိုက်ခိုက်မှုများကိုပါ လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။

 



 

"စစ်ရေး၊ နိုင်ငံရေး အဖက်ဖက်၌ ချွတ်ခြုံကျလျက်ရှိသော စစ်ကောင်စီတပ်သည် သံတွဲ၊ တောင်ကုတ်၊ မာန်အောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း စသည့်မြို့နယ်များမှ အပြစ်မဲ့အရပ်သား ပြည်သူများအား အပြစ်မရှိအပြစ်ရှာကာ အရှိန်အဟုန်မြှင့် ဖမ်းဆီးလျက် ရှိနေသည်။ စစ်ကောင်စီတပ်သည် ၎င်းတို့အထိနာတိုင်း လုပ်လေ့လုပ်ထရှိသော လုပ်ရပ်များကို ပြုလုပ်ရင်း စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ ဖြတ်လေးဖြတ်ဟူသော ခေါင်းစဉ်အောက်တွင် ပြည်သူလူထုများ၏ စားဝတ်နေရေး၊ အခြေခံစားသုံးကုန်များ၊ ဆေးဝါးများအပါအဝင် မရှိမဖြစ်သော အခြေခံလူသုံးကုန် ပစ္စည်းများသယ်ယူခွင့်မရအောင် ကုန်းလမ်း၊ ရေလမ်းများအား တင်းကျပ်စွာပိတ်ဆို့လျက် ပြည်သူများ အငတ်ဘေး မဆိုက်ဆိုက်အောင် လုပ်ဆောင်လျက်ရှိသည်။"ဟု  AA မှ သတင်းထုတ်ပြန် အသိပေးထားသည်။

 အာဏာသိမ်းစစ်ကောင်စီတပ်သည် မည်သည့်တိုက်ပွဲမျှ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် အချိန်မတော် နေ့၊ ညမရွေး ရပ်ရွာများကို ပစ်မှတ်ထား ဦးတည်တိုက်ခိုက်မှုကြောင့် ရွာ (၁၃) ရွာ ထိခိုက်ခဲ့ကာ၊  အိမ် (၁၄) လုံးပျက်စီးပြီး လူ (၁)ဦး သေဆုံးကာ (၉)ဦး ထိခိုက်ဒဏ်ရာရသည့်အပြင်  နွား (၃) ကောင် သေဆုံးခဲ့ရကြောင်းလည်း သိရသည်။