မြန်မာ-ထိုင်း-တရုတ် နယ်စပ်မှ အွန်လိုင်းလိမ်လည် လောင်းကစားမှုနှင့် မူးယစ်မှုတရားခံ ၆၀၀၀ ကျော်ကို ဖမ်းဆီးရမိ

မြန်မာ-ထိုင်း-တရုတ် နယ်စပ်မှ အွန်လိုင်းလိမ်လည် လောင်းကစားမှုနှင့် မူးယစ်မှုတရားခံ ၆၀၀၀ ကျော်ကို ဖမ်းဆီးရမိ
အောက်တိုဘာ 2, 2023 | 2021 Military Coup| အခြားဒေသများ

မြန်မာ-ထိုင်း-တရုတ် (၃)နိုင်ငံနယ်စပ်ဒေသများ၌ ၂၀၂၃ခုနှစ်အတွင်း အွန်လိုင်းမှ လိမ်လည်မှု၊ လောင်းကစားမှုနှင့် မူးယစ်မှုများမှ တရားခံ(၆၀၀၀)ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းက ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်သည့် (၅၉)နှစ်မြောက် ရဲတပ်ဖွဲ့နေ့အခမ်းအနားတွင် ပြောသည်။

စစ်တပ်အာဏာသိမ်းယူထားသည့်ကာလ ၂၀၂၃ခုနှစ် ဧပြီလ (၁)ရက်နေ့မှ ဇွန်လ (၁၆)ရက်နေ့အထိ အွန်လိုင်းလိမ်လည်မှု (၁၁၉)မှုမှ တရားခံ(၇၆)ဦးနှင့် အွန်လိုင်းလောင်းကစားမှု(၅၈)မှုမှ တရားခံ(၁၃၄)ဦးတို့ ကို အရေးယူထားကြောင်း သိရသည်။ 

ထို့အပြင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်မှ ဩဂုတ်လ(၃၁)ရက်အထိ မူးယစ်အမှုပေါင်း(၄၃၈၀)မှု၊ တရားခံပေါင်း(၅,၉၇၄)ဦး၊ တန်ဖိုးငွေကျပ်(၆၂၃)ဘီလီယံကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးနှင့်  မူးယစ်ဆေးဝါး ချက်လုပ်ရာတွင်အသုံးပြုသော ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်ဟု ဆိုသည်။ 

၂၀၂၃ ခုနှစ်၊ ဇွန်(၂၆)ရက်နေ့တွင်ကျရောက်သည့် (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီးပွဲတွင်  စုစုပေါင်း တန်ဖိုးကျပ်(၉၃၆.၇၂၃) ဘီလီယံကျော်(အမေရိကန်ဒေါ်လာ ၄၄၆ ဒသမ ၀၅၈ သန်း)တန်ဖိုးရှိသည့်  မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း (၁၀၈)မျိုး တို့ကို ဖျက်ဆီးခဲ့သည်ဟု သိရသည်။

ထို့အပြင် ၂၀၀၆ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဩဂုတ်လအထိ လူကုန်ကူးမှု(၂,၂၄၅)မှု ဖော်ထုတ်နိုင်ခဲ့ကာ လူကုန်ကူးသူ တရားခံစုစုပေါင်း(၆,၅၁၆)ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်ဟုလည်း သိရသည်။

#TachileikNewsAgency