ရန်ကုန်တွင် နာမည်ကြီး Online Game လောင်းကစား လုပ်ငန်း (၂)ခုကို ဖမ်းဆီးပြီး (၄၈)ဦးကို လောင်းကစား ဥပဒေဖြင့် အမှုဖွင့်

ရန်ကုန်တွင် နာမည်ကြီး Online Game လောင်းကစား လုပ်ငန်း (၂)ခုကို ဖမ်းဆီးပြီး (၄၈)ဦးကို လောင်းကစား ဥပဒေဖြင့် အမှုဖွင့်

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအတွင်း Online Game လောင်းကစားလုပ်ငန်း အများအပြားမှာ မြို့နယ်တိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါ်ထင်ထင် အွန်လိုင်းကနေ ကြော်ငြာပြီး လုပ်ကိုင်လာနေလျှက်ရှိရာမှ  အာဏာသိမ်းစစ်ကောင်စီက Online Game လုပ်ငန်း (၂)ခုကို စတင်အဖမ်းပြလိုက်သည့်အနေဖြင့် ပါဝင်ပတ်သက်သူ (၄၈)ဦး နှင့်အတူ သက်သေခံပစ္စည်းများအား ဖမ်းဆီး သိမ်းဆည်းထားကြောင်း အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၂၈)ရက်နေ့ ညပိုင်းက သတင်း ထုတ်ပြန်လာသည်။

ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်း၌ TTBet Online Game လောင်းကစားလုပ်ငန်း နှင့် Golden Gift ( ရွှေလက်ဆောင်) Online ကံစမ်းမဲဖောက် လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသည့် ဦးဆောင်သူများ အပါအဝင် အမျိုးသား(၁၆)ဦး နှင့် အမျိုးသမီး(၃၂)ဦး စုစုပေါင်း (၄၈)ဦးကို ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း  ဖေဖော်ဝါရီလ(၂၈)ရက်နေ့ ညပိုင်းက သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

 ဖမ်းဆီးမှုအတွင်း TTBet Online Game လောင်းကစားလုပ်ငန်း နှင့် Golden Gift ( ရွှေလက်ဆောင်) Online ကံစမ်းမဲဖောက် လောင်းကစားလုပ်ငန်းများတွင် အသုံးပြုသည့် လက်တော့ကွန်ပျူတာ မျိုးစုံ (၆၀)လုံး၊ လက်ကိုင်ဖုန်း(၁၁၀)လုံး၊ မော်နီတာ(၇)လုံး၊ System Box (၁)လုံး၊  UPS (၁)လုံး၊  ကာလာပရင်တာ (၁)လုံး၊ ဆင်းကတ် (၇၄၁) ကတ်နှင့် Lexus အနက်ရောင် ကားတစ်စီးတို့ကို သိမ်းဆည်းရမိကြောင်းလည်း သိရသည်။

၎င်းတို့အား လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းတွင် (ပ)၅၅/၂၀၂၃၊ လောင်းကစား ဥပဒေပုဒ်မ ၁၆(က)၊၁၇(က)အရ လည်းကောင်း၊ (ပ)၅၆/၂၀၂၃၊ လောင်းကစား ဥပဒေပုဒ်မ ၁၈(က) ၊ ၁၉(က)အရ လည်းကောင်း၊    (ပ)၅၇/၂၀၂၃၊ လောင်းကစား ဥပဒေပုဒ်မ ၁၆(က)၊၁၇(က)အရ လည်းကောင်း၊  အမှုများအသီးသီး ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

ဖမ်းဆီးရရှိမှုအတွင်း သိမ်းဆည်းရရှိသည့်  KBZ Pay နှင့် Wave Pay အကောင့်များထဲက ငွေကြေးများကို စိစစ်နေလျက်ရှိသည်ဟုလည်း သိရသည်။

Online Game လုပ်ငန်းများမှာ မြို့နယ်များတွင် နယ်မြေခံတပ်နှင့် စရဖ(စရတ) အပါအဝင် ရဲတပ်ဖွဲ့တို့က အမည်မဖော်စေဘဲ လစဉ် ဆတ်ကြေးရယူကာ ခွင့်ပြုပေးထားခြင်းဖြစ်ပြီး အဆိုပါ Online Game များသည် မြန်မာ - ထိုင်းနယ်စပ်ဒေသ နှင့် တရုတ် - မြန်မာ နယ်စပ်ဒေသများတွင် အထိုင်ချကာ လုပ်ကိုင်နေရာမှ ယခုအခါ ရန်ကုန်နှင့်မန္တလေးမြို့များအထိ အထိုင်ချကာ လုပ်ကိုင်နေကြခြင်းဖြစ်သလို ၎င်းတို့၏ Online Game လုပ်ငန်းများကို လူမှုကွန်ယက်များပေါ်တွင် အနုပညာရှင်များဖြင့်ပါ ကြော်ငြာပြီး လုပ်ကိုင်သည်အထိ ရှိလာနေကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ယခုလို Online လောင်းကစား လုပ်ငန်းဖမ်းဆီးမှုများ ၂၀၂၁ခုနှစ်က အနည်းငယ်သာရှိခဲ့ပြီး ယခုအခါမှာ ဖမ်းဆီးမှု လူအရေအတွက် များပြားခြင်း ဖြစ်သည်။

#TachileikNewsAgency