ပုလဲမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့နှင့် ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ခိုက်မှုဖြစ်ပွား ဒေသခံများတိမ်းရှောင်နေရ

ပုလဲမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့နှင့် ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ခိုက်မှုဖြစ်ပွား ဒေသခံများတိမ်းရှောင်နေရ
စက်တင်ဘာ 13, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် ရိက္ခာသွားသယ်သည့် ပျူစောထီးများကို ဒေသကာကွယ်ရေးတပ်များက ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၃)ရက်နေ့ ညနေပိုင်းတွင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းတွင် အင်မထီးရွာ ပျူစောထီးစခန်း အနောက်မြောက်ဘက်ရှိ ကန့်ဒေါင့်စစ်ကောင်စီတပ်စခန်းရှိရာသို့ ရိက္ခာသယ်ယူရန် သွားသည့်လှည်းတန်းနှင့် ပျူစောထီးများကို လမ်းတစ်လျှောက်တွင် ဒေသကာကွယ်ရေးတပ်ရင်း၊ တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ညနေပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးလှည်းတန်းများပြန်လာရာ သရက်ကန်ရွာအနီးတွင် ဒေသကာကွယ်ရေးတပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ထိခိုက်သေဆုံးသူရှိပြီး ပျူစောထီးအလောင်းတစ်လောင်း၊ သေနက်တစ်လက်နှင့် နွားတစ်ကောင်ကို သိမ်းဆည်းရရှိခဲ့ကာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ 

အဆိုပါစစ်ကောင်စီတပ်နှင့် ပျူစောထီးများကြောင့် ကျေးရွာ(၇)ရွာဝန်းကျင်မှ အရပ်သား ထောင်ချီတိမ်းရှောင်နေကြရပြီး သက်ဆိုင်ရာကျေးရွာ ပအဖ၊ ပကဖများက တည်းခိုရန်နေရာများ စီစဉ်ပေးခြင်း၊ အစားအသောက်များ ကျွေးမွေးခြင်းများ လုပ်ဆောင်ပေးနေကြောင်း သိရသည်။

ယမန်‌နေ့က ပုလဲမြို့နယ်တွင် အင်ကြင်းစုရွာကို မီးရှို့ဖျက်ဆီးပြီး ညအိပ်တပ်စွဲခဲ့သည့် စစ်ကောင်စီတပ်များသည် ယနေ့ နံနက်ပိုင်းတွင် အင်မထီးရွာ ပျူစောထီးစခန်းသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်းလည်း သိရသည်။

#TachileikNewsAgency