တာချီလိတ်မြို့ကနေ မိုင်းယောင်းမြို့သို့ သွားသည့် ကားတစ်စီး တာလေမြို့အထွက် တိုးဂိတ်အနီး ချောင်းထဲသို့ ကျသွားရာမှ ကလေးငယ်(၁)ဦး အပါအဝင် (၄)ဦး သေဆုံး

တာချီလိတ်မြို့ကနေ မိုင်းယောင်းမြို့သို့ သွားသည့် ကားတစ်စီး တာလေမြို့အထွက် တိုးဂိတ်အနီး ချောင်းထဲသို့ ကျသွားရာမှ ကလေးငယ်(၁)ဦး အပါအဝင် (၄)ဦး သေဆုံး
အောက်တိုဘာ 1, 2022 | မှုခင်းသတင်း| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်း တာလေမြို့အထွက် တိုးဂိတ်အကျော်ရှိ ပါခမ်းနွဲ့ကျေးရွာအနီး  နမ့်လင်းချောင်းထဲသို့ ယာဉ်တစ်စီး မတော်တဆ ထိုးကျသွားရာမှ ကလေးငယ်(၁)ဦး အပါအဝင် လူ(၄)ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ ၂၀၂၂ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့ နံနက်(၅)နာရီကျော်အချိန်က လူ(၆)ဦး လိုက်ပါလာသည့် ယာဉ်သည် နမ့်လင်းချောင်းထဲသို့ ကျသွားရာမှ ယာဉ်ပေါ်ပါ (၆)ဦးအနက် ယာဉ်မောင်း အမျိုးသား(၁)ဦး နှင့် အမျိုးသမီး (၁)ဦးကို ကားအပြင်သို့ ကယ်ထုတ်နိုင်ခဲ့သော်လည်း ကလေးငယ် အပါအဝင် (၄)ဦးမှာ  ကားနှင့်အတူ ရေထဲ နစ်မြှုပ်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ (၆)ဦးသည် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်တွင် နေထိုင်ကြသူများကြပြီး တာချီလိတ်မြို့ကနေ မိုင်းယောင်းမြို့သို့ သွားစဉ် မိုင်းယောင်းမြို့သို့ မရောက်မီ တာလေမြို့အထွက် တိုးဂိတ်အနီးတွင် ယင်းသို့ ဖြစ်ပွားခြင်း ဖြစ်ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်သူ တစ်ဦးက Tachileik News Agency ကို ပြောပြသည်။ 

 သေဆုံးသူများတွင် အသက်(၈)နှစ်ကျော် ကလေးငယ်တစ်ဦး နှင့် အသက်(၇၀)ဝန်းကျင်ရှိ အမျိုးသား တစ်ဦး အပြင် အမျိုးသမီး (၂)ဦးတို့ ပါဝင်ကြောင်း သိရပြီး ၎င်းတို့၏ ရုပ်အလောင်းများကို တာလေဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီးနောက် တာလေမြို့  လောကပါလပရဟိတလူမှုကူညီရေးအသင်းက တာချီလိတ်မြို့သို့ ဆက်လက်ပို့ဆောင်ပေးနိုင်ရန် ဆောင်ရွက်နေကြကြောင်း သိရသည်။

အဆိုပါချောင်းတွင် တရားမဝင် ရွှေတူးဖော်မှုများ လုပ်ဆောင်ခဲ့မှုများကြောင့် ရေများမှာ ဝါးတစ်ပြန်ကျော်စာ နစ်နေပြီး ကားမှာလည်း အဆိုပါ နေရာတွင် လူနှင့်အတူ နစ်မြှုပ်သွားခြင်း ဖြစ်ရာ တာလေမြို့  လောကပါလပရဟိတလူမှုကူညီရေးအသင်း အပါအဝင် တာချီလိတ်မြို့နယ်မီးသတ်တပ်ဖွဲ့၏ ကယ်ဆယ်ရေးယာဉ်ဖြင့် ကားနှင့် လူများကို ရေထဲကနေ ရှာဖွေဆယ်ယူခဲ့ရသည်ဟုလည်း သိရသည်။

#TachileikNewsAgency

Photo: တာလေမြို့ လောကပါလပရဟိတလူမှုကူညီရေးအသင်း