ပုလောမြို့နယ်တွင် ကမ်းနီး၌ ငါးဖမ်းနေသည့် ကမ်းဝေးလှေ ၇ စီးကို PDF ဖမ်းဆီး

ပုလောမြို့နယ်တွင် ကမ်းနီး၌ ငါးဖမ်းနေသည့် ကမ်းဝေးလှေ ၇ စီးကို PDF ဖမ်းဆီး
စက်တင်ဘာ 12, 2023 | 2021 Military Coup| အခြားဒေသများ

တနင်္သာရီတိုင်း ပုလောမြို့နယ် ညှင်းဖို ညှင်းမကျွန်းအနီး မြန်မာ့ပင်လယ် ငါးဖမ်းဥပဒေကို ချိုးဖောက်၍ ကမ်းနီးငါးဖမ်းနေသည့် ကမ်းဝေးငါးဖမ်း ဝလတ်လှေ(၇)စီးအား ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၇)ရက်နေ့တွင်  ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ်(၁) တပ်ရင်းက ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ကမ်းဝေးငါးဖမ်းလှေများ၏ ဥပဒေချိုးဖောက်၍ ကမ်းနီးငါးဖမ်းခြင်းကြောင့် ငါးပမာဏ လျော့နည်းလာသည့်အတွက် တစ်နိုင်တစ်ပိုင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ကြသူများက တိုင်ကြားလာခြင်းကြောင့် ကမ်းဝေးငါးဖမ်း ဝလတ်လှေ(၇)စီးအား ဖမ်းဆီးခဲ့ပြီး တာဝန်ရှိ ပဲ့နင်း(၇)ဦးအား ဥပဒေအရ အပြစ်ပေး အရေးယူထားကြောင်း သိရသည်။ 

ပြည်သူများအနေဖြင့်လည်း ဥပဒေချိုးဖောက်နေသည့် လုပ်ရပ်များအား တွေ့ရှိပါက ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်းသို့ သတင်းပေး တိုင်ကြားနိုင်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်းက ယနေ့ စက်တင်ဘာလ (၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဥပဒေကို လေးစားလိုက်နာခြင်းမရှိပဲ ငါးဖမ်းခွင့်ရေပိုင်နက်ကိုကျော်လွန်၍ ကမ်းနီးငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်နေကြသည့် ကမ်းဝေးငါးဖမ်း ဝလတ်လှေများအနေဖြင့် တစ်နိုင်တစ်ပိုင် လုပ်ကိုင်စားသောက်နေကြသော ဒေသခံများ‌၏ ရှေ့ရေးကိုရှေးရှု၍ ဥပဒေမဲ့လုပ်ရပ်များကို ရပ်တန့်ကြရန်နှင့် လေးစားလိုက်နာခြင်းမရှိဘဲ ဆက်လက်ကျူးလွန်ပါက ဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူမည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency