ကျောက်မဲမြို့နယ် နောင်ပိန်တွင် လက်ဖက်ရည်ဆိုင်နှင့် မုန့်ဟင်းခါးဆိုင်မှ မိသားစုများ အပါအဝင် COVID 19 အတည်ပြုလူနာ (၁၄)ဦးထပ်တိုး

ကျောက်မဲမြို့နယ် နောင်ပိန်တွင် လက်ဖက်ရည်ဆိုင်နှင့် မုန့်ဟင်းခါးဆိုင်မှ မိသားစုများ အပါအဝင် COVID 19 အတည်ပြုလူနာ (၁၄)ဦးထပ်တိုး

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာတွင် ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၈) ရက်နေ့က အနံ့ပျောက်သူတစ်ဦးအားစစ်ဆေးရာ COVID 19 တွေ့ရသဖြင့် ၎င်းနှင့်ဆက်စပ်၍ လက်ဖက်ရည်ဆိုင်နှင့် မုန့်ဟင်းခါးဆိုင်တို့မှ စုစုပေါင်း (၁၄)  ဦးတွင်လည်း COVID 19 ပိုးစစ်ဆေးတွေ့ရကြောင်း သိရသည်။

မိသားစုက နှစ်စုပေါ့။ တစ်စုက လက်ဖက်ရည်ဆိုင်ရောင်းတာ၊ နောက်တစ်စုက မုန့်ဟင်းခါး ရောင်းတဲ့ဆိုင်ပေါ့။ အဲဒီ မုန့်ဟင်းခါးဆိုင်က ပြီးခဲ့တဲ့ဈေးနေ့မှာ လာရောင်းကြတဲ့ ဈေးသည်တွေ ထိုင်စားသွားတဲ့ဆိုင်။ သူက ဈေးသည်တွေ ပုံမှန်လာစားနေကျဆိုင်လည်း ဖြစ်တယ်။ အခုတော့ ပိုးတွေ့သူ (၁၄) ယောက်စလုံးကို ကျောက်မဲပြည်သူ့ဆေးရုံက COVID 19 သီးသန့် ကုသဆောင်ကို ပို့ဆောင်ပေးထားပါတယ်

ဟု ကမ်းလင့်လက်များလူမှုကူညီရေးအသင်း ( နောင်ပိန် ) မှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယနေ့ထပ်တိုးလာသည့် အတည်ပြုလူနာများတွင် ကလေး (၅) ဦးပါဝင်ကြောင်း သိရပြီး အတည်ပြုလူနာအားလုံး အခြားဒေသများသို့ ခရီးသွားလာခဲ့ခြင်းမရှိကြောင်း သိရသည်။

အတည်ပြုလူနာတွေ့ရသည့် လက်ဖက်ရည်ဆိုင်နှင့် မုန့်ဟင်းခါးဆိုင်တို့မှာ ငါးရက်ဈေးအနီးတွင်ရှိပြီး  ဈေးနေ့၌ ကျောက်မဲနှင့်် နောင်ပိန်ကျေးရွာအနီးတစ်ဝိုက်မှ ဈေးသည်၊ ဈေးဝယ်များ လာရောက်လေ့ရှိသည့်နေရာဖြစ်သည်ဟု သိရသည်။

ကျောက်မဲမြို့တွင် ဇွန်လ ၂၀ ရက်နေ့ညပိုင်း၌ စစ်တပ်က ပစ်ခတ်ဖမ်းဆီးခံရသူ အမျိုးသား (၂) ဦးကို အတည်ပြုလူနာများအဖြစ် စတွေ့ခဲ့ရပြီးနောက်  ၎င်းနှစ်ဦး၏မိသားစုဝင် (၃) ဦး၊  ဇွန်လ ၂၈ နေ့က ခရိုင်ထွေအုပ်ဝန်ထမ်းအမျိုးသမီး (၁) ဦး စုစုပေါင်း (၆) ဦးနှင့်  နောင်ပိန်မှ ပိုးတွေ့သူ (၁၄) ဦး တွေ့ရှိထားခြင်းဖြစ်သည်။

ယနေ့တစ်နေ့အတွင်း ကျောက်မဲမြို့အနီး နောင်ချိုမြို့တွင်လည်း (၁၀၉)  ဦးကို စစ်ဆေးရာ (၂၅) ဦးတွင် COVID 19 ပိုးတွေ့ရသဖြင့်  နောင်ချိုမြို့တွင်  စုစုပေါင်း အတည်ပြုလူနာ ( ၁၉၉ )ဦးရှိပြီ ဖြစ်သည်။