ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ညပိုင်းများ၌ အဝေးပြေးလမ်းပေါ်တွင် ရပ်တန့်ထားသည့် ကားများနှင့် သဲပုံ ကျောက်ပုံများတွင် ရောင်ပြန်အချက်ပြများ ထားရှိခြင်း မရှိ၍ ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်နေပြီး လူသေဆုံးမှုအထိ ဖြစ်ပေါ်ခဲ့ရ

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ညပိုင်းများ၌ အဝေးပြေးလမ်းပေါ်တွင် ရပ်တန့်ထားသည့် ကားများနှင့် သဲပုံ ကျောက်ပုံများတွင် ရောင်ပြန်အချက်ပြများ ထားရှိခြင်း မရှိ၍ ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်နေပြီး လူသေဆုံးမှုအထိ ဖြစ်ပေါ်ခဲ့ရ

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ညပိုင်းများတွင် အဝေးပြေးလမ်းပေါ်တွင် ရပ်တန့်ထားသည့် ကားများ နှင့် လမ်းပြုပြင် ယာဉ်များ သဲပုံ ကျောက်ပုံများတွင် ရောင်ပြန်အချက်ပြများ ထားရှိခြင်းမရှိ၍ ယာဉ်များ ဝင်ရောက် တိုက်မိမှု ဖြစ်ပွားရာမှာ သေဆုံးမှုများအထိ ဖြစ်ပေါ်နေသည်ကို တွေ့ရသည်။

 

တာချီလိတ်မြို့တွင် ၂၀၂၂ခုနှစ် စက်တင်ဘာလ(၁၇)ရက်နေ့ ညပိုင်းက တာချီလိတ်မှ မိုင်းဖုန်းဘက်သို့ သွားရာလမ်း ဦးထွန်းအောင် တံတားအနီး လမ်းပြင်နေသည့် နေရာတွင် အသက်(၃၁)နှစ်ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးသည် ကျောက်ပုံကို ဝင်တိုက်မိရာမှ ဒဏ်ရာရရှိခဲ့ရကြောင်း သိရသည်။

အဆိုပါ နေရာသည် လမ်းမီးမရှိဘဲ မှောင်နေသည့် နေရာဖြစ်ပြီး "လမ်း/တံတား ပြုပြင်တည်ဆောက်နေပါသဖြင့် ဖြေးဖြေးမောင်းကြပါရန်"ဆိုသည့် သတိပေး ဗီနိုင်းတခုကိုသာ တွေ့ရကာ လမ်းဦးစီးဌာနပိုင်၏ လုပ်ငန်းသုံး ယာဉ်တစ်စီး ရပ်တန့်ထားပြီး ယာဉ်အရှေ့တွင် ကျောက်အသေး ပုံထားသည်ကို တွေ့ရသော်လည်း အဝေးကနေ မြင်နိုင်သည့် ရောင်ပြန်များထားရှိခြင်းမရှိသည်ကို တွေ့ရသည်။

အလားတူပင် ပြီးခဲ့သည့် ဩဂုတ်လ(၃၁)ရက်နေ့ အကူးပိုင်းအချိန်ဖြစ်သည့် (၁၂)နာရီကျော်အချိန်က တာချီလိတ်လေဆိပ်အနီးရှိ စစ်ဗျူဟာအဖွဲ့ (အခြေချ)တာချီလိတ် စစ်တပ်၏ ကုန်းအဆင်း လမ်းပေါ်တွင်  ကျောက်များပုံသည် ဆိုင်ကယ်စီး လူငယ်က မမြင်ဘဲ အရှိန်လွန်ကာ တိုက်မိရာမှ   ဦးခေါင်းထိမှန်ကာ ဒဏ်ရာရရှိပြီး တာချီလိတ်ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရသည့် ဖြစ်စဉ်များလည်း ဖြစ်ပေါ်ခဲ့သေးသည်။

အဆိုပါနေရာတွင်လည်း  "သတိ လမ်းပြင်နေသည် ဖြေးဖြေးမောင်း"ဆိုသည် မထင်မရှား ဆိုင်းဘုတ်ငယ်တစ်ခုဖြင့်သာ သတိပေးထားပြီး အဝေးကနေ မြင်တွေ့နိုင်သည့် ရောင်ပြန်အချက်ပြများ တပ်ဆင်ထားခြင်းမရှိသည်ကို တွေ့ရသည်။

ဆက်လက်ပြီး စက်တင်ဘာလ(၆)ရက်နေ့ ည(၇)နာရီဝန်းကျင်အချိန်က ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း တာချီလိတ် - ကျိုင်းတုံလမ်းမကြီးပေါ် ပန်ကွဲတောင်အဆင်းတွင် ရပ်ထားသည့်ကားအား ဝင်တိုက်မိသည့် ဆိုင်ကယ်မောင်းသူမှာ သေဆုံးသွားခဲ့ရသည်။

အဆိုပါ ယာဉ်တွင်လည်း ရောင်ပြန်အချက်ပြများ တပ်ဆင်ထားခြင်း မရှိဟု သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း အမှတ်(၁၉)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (ရှမ်းအရှေ့)လက်အောက်ရှိ အမှတ် (၁၂၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံ) နှင့် အမှတ် (၁၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး (တာချီလိတ်)တို့ အနေဖြင့်  ငွေတောင်းသည့် ကိစ္စတစ်ခုတည်းကိုသာ အာရုံမစိုက်ဘဲ ကျိုင်းတုံ - တာချီလိတ်သွား အဝေးပြေးလမ်းပေါ် ယာဉ်များ ရပ်တန့်ပါက အချက်ပြများ တပ်ဆင်ရန် မဖြစ်မနေ အသိပညာပေးရမည့်အပေါ် အာရုံစိုက်ရန် လိုအပ်သည်ဟု ဒေသခံများက ဆိုသည်။

ပုံအညွှန်း - တာချီလိတ် နှင့် ကျိုင်းတုံတို့တွင် ညပိုင်း အချက်ပြ ရောင်ပြန်များ မတပ်ဆင်ထားသည့် ယာဉ်နှင့်နေရာများကို ဝင်တိုက်မိပြီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် ပုံများဖြစ်သည်။

#TachileikNewsAgency

Photo: ကျိုင်းတုံ" နှလုံးလှပိုင်ရှင်များ"လူမှုကူညီရေးအသင်း,  ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်း