တာချီလိတ်မြို့မှ ရေပူစမ်း (လားဟူ)ပြည်သူ့စစ်ခေါင်းဆောင် ဦးယေရှဲ ကွယ်လွန်

တာချီလိတ်မြို့မှ ရေပူစမ်း (လားဟူ)ပြည်သူ့စစ်ခေါင်းဆောင် ဦးယေရှဲ ကွယ်လွန်
စက်တင်ဘာ 15, 2022 | ရှမ်းရှေ့

 မြန်မာ - ထိုင်းနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်းရှိ ရေပူစမ်းစံပြကျေးရွာမှ လားဟူတိုင်းရင်းသား ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်သူ ဦးယေရှဲသည် ၂၀၂၂ခုနှစ် စက်တင်ဘာလ(၁၄)ရက်နေ့က ခရစ်တော်၌ အိပ်ပျော်သွားပြီဖြစ်ကြောင်း သိရသည်။

"ဆေးကုဖို့ တာချီလိတ်ကိုအသွား လမ်းမှာတင် ဆုံးသွားတာ။ "ဝ"က လုံခြုံရေးယူပေးထားတယ်။ သူ့ရွာမှာပဲ သင်္ဂြိုဟ်မယ်"ဟု ဦးယေရှဲနှင့် နီးစပ်သူတစ်ဦးက Tachileik News Agency သို့ ပြောသည်။

အသက် (၇၀) ကျော်ရှိပြီဖြစ်သည့် ရေပူစမ်း ပြည်သူ့စစ်ခေါင်းဆောင် ဦးယေရှဲသည် ၂၀၂၂ခုနှစ် စက်တင်ဘာလ (၁၄)ရက်နေ့ ညနေပိုင်းက  ဆေးကုသမှုခံယူရန် မိုင်းဆတ်မှ တာချီလိတ်သို့အသွား လမ်းတွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်းသိရပြီး  ရုပ်အလောင်းကို "ဝ"အဖွဲ့က ရေပူစမ်းသို့ သယ်ဆောင်လာကာ လက်ရှိတွင်လည်း လုံခြုံရေးယူပေးထားကြောင်း သိရသည်။

 

လက်ရှိတွင် ရုပ်အလောင်းကို ရေပူစမ်းစံပြကျေးရွာ အလယ်ရွာရှိ ခန်းမဆောင်တွင်ထားရှိရာမှ ဘုရားကျောင်းသို့ ပြောင်းရွှေ့ထားကာ (၄) ရက်ဝန်းကျင်ထားပြီးမှ ဈာပနကျင်းပမည်ဟု သိရသည်။

တာချီလိတ်ခရိုင်အတွင်းအနေဖြင့် ရေပူစမ်း ပြည်သူ့စစ်ခေါင်းဆောင် ဦးယေရှဲသည် ကျေးရွာအတွင်း ရေ၊ လျှပ်စစ်၊ ပညာရေး စသည်များကို လုပ်ဆောင်ပေးပြီး တာချီလိတ်ခရိုင် လားဟူစာပေနှင့် ယဉ်ကျေးမှု ကော်မတီ၏ နာယကအဖြစ် ဆောင်ရွက်ပြီး ဘာသာရေး၊ လူမှုရေး နှင့် ယဉ်ကျေးမှုများအတွက် များစွာ ထောက်ပံ့သူ တစ်ဦးဖြစ်သည်ဟုလည်း  ရေပူစမ်းစံပြကျေးရွာခံများထံက သိရသည်။

လက်ရှိအာဏာသိမ်းစစ်တပ်က ၎င်းတို့လက်အောက်ခံ ရေပူစမ်း (လားဟူ) ပြည်သူ့စစ်တပ်ဖွဲ့ကို ပြီးခဲ့သည့် သုံးလေးနှစ်ဝန်းကျင်က လက်နက်ဖြုတ်သိမ်းထားခြင်းဖြစ်သည်။

၎င်းတို့အခြေချနေထိုင်ရာ ရေပူစမ်းရွာအမည်ဖြင့်တွဲ၍ ရေပူစမ်းပြည်သူ့စစ်တပ်ဖွဲ့ဟု ခေါ်ကြခြင်းဖြစ်ပြီး အခြားရွာများတွင်လည်း လားဟူပြည်သူ့စစ်အဖွဲ့များလည်းရှိပြီး ယင်းကဲ့သို့ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များရှိသည့်  လားဟူတိုင်းရင်းသားများအနေဖြင့် စစ်တပ်အာဏာသိမ်းမှုကို လက်မခံကြကြောင်း သိရသည်။

"တောင်ပေါ်က လားဟူတိုင်းရင်းသား ဘုမသိ ဘမသိတွေကို စစ်တပ်က အနိုင်ကျင့်နေတာ မကြိုက်ဘူး။ စစ်တပ်က အာဏာသိမ်းတာကိုလည်း လက်မခံပါဘူး။ မနေသာလို့ ကြည့်နေရတာ"ဟု ဒေသခံ လားဟူတိုင်းရင်းသား တစ်ဦးက Tachileik News Agency သို့ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်၏ တြိဂံဒေသတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ကြိုးတံတားပြည်သူ့စစ်အဖွဲ့ အပါဝင် တာလေရှိ ပြည်သူ့စစ်အဖွဲ့များအထိ ပြည်သူ့စစ်အင်ဖွဲ့ပေါင်း (၃၅) ဖွဲ့ရှိပြီး လားဟူနှင့် အာခါတိုင်းရင်းသားအဖွဲ့များက အများစုဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း တာချီလိတ်နှင့်တာလေတို့ရှိ အာဏာသိမ်းစစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များတွင် အမာခံအင်အားအနည်းငယ်နှင့် အရန်အင်အား အများအပြားဖြင့် ဖွဲ့စည်းထားကြခြင်းဖြစ်သည်။

စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ်အရန်အင်အားများတွင် လက်နက်ကိုင်ဆောင်ခွင့်အတွက် ငွေကြေးပေး၍ အဖွဲ့ဝင်သည့် စီးပွားရေးသမားများလည်းရှိပြီး  မြို့မျက်နှာဖုံး လုပ်ငန်းရှင်များထဲမှ အချို့မှာလည်း ပြည်သူ့စစ်အဖွဲ့ဝင်များ ဖြစ်ကြသည်။