မြောင်မြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုး မီးရှို့နေ၍ စစ်ဘေးရှောင်ဦးရေ ထပ်တိုးလာ၊ ဖမ်းဆီးခံရသူများလည်းရှိနေ

မြောင်မြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုး မီးရှို့နေ၍ စစ်ဘေးရှောင်ဦးရေ ထပ်တိုးလာ၊ ဖမ်းဆီးခံရသူများလည်းရှိနေ
By Tachileik News Agency

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင် (၃)ထောင်ကျော်ရှိနေပြီး ယနေ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၅)ရက်နေ့တွင်လည်း  မြေတော်ရွာကို စစ်ကြောင်းဝင်လာ၍ ပြည်သူများ ထွက်ပြေးနေကြရကြောင်း သိရသည်။

လက်ရှိမှာတော့ စစ်ရှောင်ပြည်သူ ၃၀၀၀ ကျော်ဟာ နေရပ်အိမ်ဆီသို့ မပြန်နိုင်သေးဘူး စစ်ရှောင်နေရပါသေးတယ်။  တစ်ချို့ဆို ၅ ရက်ကျော်နေပြီ။ အိမ်မှာ လူကော နွားတွေကော ဆက်နေလို့ မရတော့ပါဘူး ။

မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြောင်မြို့နယ် ပန်းညိုရွာကိုရောက်နေသည့်စစ်ကြောင်းသည် ယနေ့ နံနက် (၉)နာရီဝန်းကျင်တွင် ရေလယ်ကျွန်းဒေသ မြေတော်ရွာသို့ရောက်ရှိလာကာ တိုက်ပွဲမရှိဘဲ နေအိမ်များမီးရှို့ဖျက်ဆီးနေပြီး မီးလောင်ဆုံးရှုံးမှုအခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ယင်းအပြင် ယနေ့နံက်ပိုင်းတွင် မြောင်မြို့နယ်အတွင်းရှိ ဘူးကိုင်းရွာကိုလည်း စစ်ကောင်စီတပ်၏စစ်ကြောင်းဝင်လာပြီး ပြည်သူ (၂)ဦးကို ဖမ်းဆီးခံထားရကာ ရိုက်နှက်ခံထားရသည်ဟု သိရသည်။

မြောင်မြို့နယ်အတွင်း စစ်ကြောင်းဝင်လာရာတလျှောက် ထွက်ပြေးတိမ်းရှောင်နေကြရသည့်ပြည်သူများကို ကူညီထောက်ပံ့မှုများ လုပ်ဆောင်ကြရန် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM က တိုက်တွန်းထားသည်။

 ပြည်သူရွေးကောက်ထားသည့်အစိုးရအား ပြီးခဲ့သည့်နှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်အင်အားဖြင့် ဖမ်းဆီးကာ အာဏာသိမ်းလိုက်သည့် စစ်အာဏာရှင်များကို လက်မခံသည့် ပြည်သူများက နည်းလမ်းမျိုးစုံဖြင့် ခုခံတော်လှန်နေကြရာ အာဏာသိမ်းအဖွဲ့ကလည်း စစ်တပ်အင်အားဖြင့် အကြမ်းဖက်နှိမ်နှင်းနေခြင်းဖြစ်သည်။