ကျိုင်းတုံမြို့၏ တကျော့ပြန် Covid-19 ကူးစက်မှု တစ်နေရာတည်းတွင် (၂၀)ဦး တွေ့ရှိ

ကျိုင်းတုံမြို့၏ တကျော့ပြန် Covid-19 ကူးစက်မှု တစ်နေရာတည်းတွင် (၂၀)ဦး တွေ့ရှိ
စက်တင်ဘာ 1, 2022 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်အတွင်း မိုင်းဇင်းကျေးရွာအုပ်စုရှိ သူနာပြုသင်တန်းကျောင်းမှ (၂၀)ဦးတွင် Covid-19 တွေ့ရကြောင်း သိရသည်။

ကျိုင်းတုံမြို့တွင်  ဩဂုတ်လ(၃၁)ရက်နေ့က Covid-19 ထိတွေ့ သံသယ စုစု‌ပေါင်း (၂၅၁)ဦးကို ကျန်းမာရေးဌာနက စစ်ဆေးရာ သူနာပြုသင်တန်းကျောင်းမှ အမျိုးသား(၁)ဦး နှင့် အမျိုးသမီး(၁၉)ဦး စုစုပေါင်း (၂၀)ဦး တို့တွင် Covid-19 တွေ့ရှိရခြင်း ဖြစ်သည်။

ယင်းမတိုင်မီ ဩဂုတ်လ(၂၉)ရက်နေ့ကလည်း မိုင်းဇင်းကျေးရွာအုပ်စုအတွင်းမှ အမျိုးသမီး (၃)ဦးတွင်လည်း Covid-19 ပိုးတွေ့ခဲ့ရသည်ဟု သိရသည်။

ကျိုင်းတုံမြို့၏ တကြော့ပြန် Covid-19 စစ်ဆေးတွေ့ရှိမှု အခြေအနေမှာ ၂၀၂၂ခုနှစ် ဩဂုတ်လ(၁၆)ရက်နေ့ကနေ ဩဂုတ်လ(၃၁)ရက်နေ့အထိ လဝက်ကျော်အတွင်း Covid-19 ကူးစက်မှု တွေ့ရှိသူ စုစုပေါင်း (၃၃)ဦးအထိရှိရာ ထို (၃၃)ဦးထဲက အမျိုးသား တစ်ဦးမှာ ဩဂုတ်လ(၂၁)ရက်နေ့တွင် ကျိုင်းတုံဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့သည်။ 

ဩဂုတ်လ၏ လဝက်အတွင်း တွေ့ရှိရသည့် Covid-19 ကူးစက်ခံထားရသူ (၃၃)ဦးတွင် မိုင်းဇင်းကျေးရွာအုပ်စုအတွင်းမှ (၂၆)ဦးဝန်းကျင် ပါဝင်သည်။

၂၀၂၂ခုနှစ် စက်တင်ဘာလ(၃၁)ရက်နေ့၏ စစ်ဆေးချက်အရ မြန်မာတစ်နိုင်ငံလုံးတွင် Covid-19 ကူးစက်မှု တွေ့ရှိရသည့် လူဦးရေမှာ (၉၆)ဦးဖြစ်ပြီး ကျိုင်းတုံမြို့မှ (၂၀)ဦး အပါအဝင် ဖြစ်သည်။

 

တကျော့ပြန် Covid-19 ကူးစက်မှုများနှင့် ပတ်သက်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသအတွင်းရှိ တာချီလိတ်ခရိုင်၊ ကျိုင်းတုံခရိုင်၊ မိုင်းဆတ်ခရိုင် နှင့် မိုင်းယောင်းခရိုင်များအတွင်းရှိ မြို့နှင့်ရပ်ကွက်များ အနက်   Covid-19 တားဆီး ကာကွယ်ရေးအတွက် ကျိုင်းတုံမြို့နယ် တစ်ခုတည်းကသာ Covid-19 တားဆီးကာကွယ်ရေးများကို လုပ်ဆောင်နေသည်ကို တွေ့ရသည်။