ရခိုင် - ဘင်္ဂလားဒေ့ရှ်နယ်စပ်စခန်း AA ကသိမ်းပိုက်လိုက်ပြီး စစ်ကောင်စီရဲတပ်ဖွဲ့မှ ၁၉ ဦးသေ

ရခိုင် - ဘင်္ဂလားဒေ့ရှ်နယ်စပ်စခန်း AA ကသိမ်းပိုက်လိုက်ပြီး စစ်ကောင်စီရဲတပ်ဖွဲ့မှ ၁၉ ဦးသေ
By Tachileik News Agency

ရခိုင် - ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ မိုင်တိုင်အမှတ် (၄၀) အနီးရှိ အာဏာသိမ်းစစ်ကောင်စီ၏ နယ်စပ်တပ်စခန်းတစ်ခုအား ရက္ခိုင့်တပ်တော်(AA)က ၂၀၂၂ ခုနှစ် ဩဂုတ်လ ၃၁ ရက်တွင် အပြီးသတ်သိမ်းပိုက်ရယူလိုက်ကြောင်း AA က ထုတ်ပြန်လာသည်။

အဆိုပါစခန်းကို သြဂုတ်လ (၂)ရက်နေ့ကတည်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါနေရာအပါအဝင် ပလက်ဝဒေသနှင့် အခြားနေရာများ၌ တစ်လနီးပါးကြာ ရက်ဆက်တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

၎င်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း (၁၉) ယောက်သေဆုံးခဲ့ပြီး (၁)ဦး အပြင်းအထန်ဒဏ်ရာရကာ လက်နက် ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအမြောက်အမြားကို AA ကသိမ်းဆည်းရမိကြောင်း သိရသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ ရဲတပ်ဖွဲ့မှ ရဲအုပ်စိုးစိုးပိုင်၊ ဒုရဲအုပ် စောဝေဖြိုး၊ တပ်ကြပ် အောင်ကိုခိုင်၊ တပ်ကြပ်အောင်လွင်ဦး၊ တပ်ကြပ်မင်းဟန်၊  ဒုတပ်ကြပ်မျိုးငယ်၊ ဒုတပ်ကြပ်တင်မျိုးလွင်၊ ဒုတပ်ကြပ် ဇော်နိုင်ဦး၊ ဒုတပ်ကြပ် အော်ကျော်သွင်၊ တပ်သားများဖြစ်ကြသည့် မျိုးဇော်ဦး၊ ဆန်းလင်းပိုင်၊ စစ်ရဲနိုင်၊ ငြိမ်းဝေနု၊ လွင်ကိုသက်၊ ချစ်ဝင်းမြင့်၊ ဝဏ္ဏအောင်၊ အောင်ကျော်ဦး၊ နေထွန်းလင်းနှင့် ရှိန်းကျော်တို့ သေဆုံးပြီး ဒုတပ်ကြပ် သက်ကိုဦးမှာ ဒဏ်ရာအပြင်းအထန်ရထားသည်ဟု AA ၏ထုတ်ပြန်ချက်အရ သိရသည်။

ယခင်ရက်များအတွင်း၌ ၎င်းစခန်းအတွင်းမှ သေဆုံးသူများအား စခန်းအတွင်းမြှုပ်နှံထားသော အလောင်းအမြောက်အမြားကိုလည်းတွေ့ရှိရသည်ဟု ဆိုသည်။

တိုက်ပွဲတွင် AA ဖက်မှလည်း အထိအခိုက်၊ အကျအဆုံး တချို့ရှိခဲ့သည်ဟု သိရသည်။