တာချီလိတ် ရီဂျီနားဂေါက်ကွင်းအနီး ညနေပိုင်း လမ်းလျှောက်သူများ၏ ဆိုင်ကယ်များ မကြာခဏ ပျောက်ဆုံးနေ၍ သတိထားရန် လိုအပ်နေ

တာချီလိတ် ရီဂျီနားဂေါက်ကွင်းအနီး ညနေပိုင်း လမ်းလျှောက်သူများ၏ ဆိုင်ကယ်များ မကြာခဏ ပျောက်ဆုံးနေ၍ သတိထားရန် လိုအပ်နေ
စက်တင်ဘာ 14, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီလက်ထက်၌ နေ့ညမရွေး ဆိုင်ကယ်ခိုးယူခံရမှု တိုးလာနေပြီး လူအများ ညနေပိုင်းတွင် အပန်းဖြေလမ်းလျှောက်လေ့ရှိသည့် ရီဂျီးနားဂေါက်ကွင်းအနီးတွင် ရပ်ထားသည့်ဆိုင်ကယ်များ မကြာခဏ ခိုးယူခံနေရကြောင်း သိရသည်။

တာချီလိတ်မှာ ဆိုင်ကယ်ခိုးတဲ့အဖွဲ့က တအားကို သောင်းကျန်းနေတာ။ ဂေါက်ကွင်းနား မီးလင်းရေးရုံးရှေ့မှာက ညနေ (၅)နာရီလောက်ဆို လမ်းလျှောက်တဲ့သူ တအားများတာ။ ဆိုင်ကယ်သူခိုးတွေက အဲဒီနားမှာ သောင်းကျန်းနေတယ်။ စက်တင်ဘာ (၅) ရက်နေ့က ကျွန်တော့်ဆိုင်ကယ် Honda Wave 110 အပြာရောင်ဆိုင်ကယ်တစ်စီးရပ်ထားခဲ့တာ ပျောက်သွားတယ်။ ဇက်သော့လည်း ခတ်တာပဲမရဘူး။ ဆိုင်ကယ်ထားပြီး လမ်းလျှောက်တာ ငါးမိနစ်မကြာဘူး။ ပြန်လာတော့ မရှိတော့ဘူး

ဟု တာချီလိတ်မြို့ခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။



 

တာချီလိတ်မြို့တွင် Covid-19 တတိယလှိုင်းကာလအတွင်း ညနေပိုင်းများတွင် စံလင်းဖြိုးအိမ်ရာလမ်းအတွင်း နှင့် ရီဂျီနား ဂေါက်ကွင်းထိပ်(ဝမ်မိုင်သွားလမ်း)တို့တွင် ဆိုင်ကယ်များရပ်၍  ကိုယ်လက်လှုပ်ရှား လမ်းလျှောက်ခြင်းများ လုပ်ဆောင်နေရာတွင် ဆိုင်ကယ်များမှာ မကြာခဏ ခိုးယူခံနေရခြင်းဖြစ်သည်။