စစ်ကောင်စီတပ်လက်မှလွတ်လာသည့် ဒီပဲယင်းဒေသခံ ၇၉ ဦးကို မြို့နယ်ပကဖ/ပအဖများက ဒေသအရောက်ပြန်ပို့ပေး

ဒီပဲယင်းမြို့နယ်တွင် ဩဂုတ်လအတွင်း စစ်ကောင်စီတပ် မီးရှို့ခဲ့သည့် ကျေးရွာများမှ နေအိမ်တစ်လုံး
ဒီပဲယင်းမြို့နယ်တွင် ဩဂုတ်လအတွင်း စစ်ကောင်စီတပ် မီးရှို့ခဲ့သည့် ကျေးရွာများမှ နေအိမ်တစ်လုံး
စစ်ကောင်စီတပ်လက်မှလွတ်လာသည့် ဒီပဲယင်းဒေသခံ ၇၉ ဦးကို မြို့နယ်ပကဖ/ပအဖများက ဒေသအရောက်ပြန်ပို့ပေး
By Tachileik News Agency

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းနယ်အရှေ့ခြမ်းကို စစ်ကြောင်းထိုး၍ မီးရှို့ဖျက်ဆီးသွားသော အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့က ရွာစဉ်တလျှောက်  ဓားခံအဖြစ် ဖမ်းဆီးသွားသည့် လူပေါင်း (၉၀) ဝန်းကျင်အနက်မှ ပြန်လွတ်လာသည့် (၇၉) ဦးကို မြို့နယ် ပကဖ၊ ပအဖများချိတ်ဆက်၍ ဒေသအသီးသီးပြန်ပို့ပေးထားကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ရွာစဉ်တလျှောက်မီးရှို့၊ဖမ်းဆီးနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကန့်ဘလူ၊ ကျွန်းလှဘက်သို့ စစ်ကူရန် ဩဂုတ်လ (၂၃)ရက်နေ့က ရဟတ်ယာဉ် (၂)စီးဖြင့် လေးခေါက်ခေါ်သွားခဲ့ပြီးနောက်  ဖမ်းဆီးခံထားရသူများကို  တန့်ဆည်မြို့နယ်၊ အောင်ချမ်းသာဘုန်းကြီးကျောင်း၌ လွှတ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လမ်းတလျှောက်ဖမ်းခေါ်လာစဉ် ထွက်ပြေး၍ ပစ်သတ်ခံရသူ၊ ဒဏ်ရာပြင်းထန်၍ လမ်းတွင်ပြန်လွှတ်ထားခဲ့သူများလည်းရှိကြောင်း သိရသည်။

ကျွန်တော်တို့ အဖမ်းခံရပြီး အိမ်တစ်လုံးစီထဲထည့်ပီး ကြိုးတုပ်ထားတယ်။ ပြီးတော့ ဓါးနဲ့ထောက်ပြီး ဟိုမေးဒီမေး မေးတယ်ဗျ။ မသိဘူးပြောလည်း အထိုးခံ၊ အကန်ခံရတာပဲ။ သိပါတယ်ပြောလည်း ထိုးတာပဲ။ ကျွန်တော်တို့ရှေ့တင် နှစ်ယောက်ကို စစ်တာ ဓါးဖျားနဲ့ ထိုးမွှေပြီးမေးတာ အဲနှစ်ယောက်အ‌ခြေအနေ အတော်ဆိုးသွားတယ်။ အဲဒါနဲ့ အဲဒီနှစ်ယောက်ကိုတော့ ခေါ်မသွားတော့ပဲ လွှတ်ပေးထားခဲ့တာ။ ဆက်ခေါ်သွားလည်း ဒဏ်ရာတွေနဲ့ဆိုတော့ မလွယ်ဘူးလေ။

ဟု ပြန်လွတ်လာသည့် ဒေသခံတစ်ဦး၏ ပြောကြားချက်ကို ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖေါ်ပြသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က ဩဂုတ်လ ၂ ရက်မှစတင်ကာ ကျေးရွာတလျှောက် ဒေသခံများကို ဖမ်းဆီးသွားပြီး ပစ္စည်းသယ်ခိုင်းခဲ့ကြောင်း သိရသည်။

သူတို့က ကျွန်တော်တို့ကို ပစ္စည်းတွေ ခြင်းနဲ့သယ်ခိုင်းပြီး ဆယ်ယောက်တစ်စု သူတို့ကြားထဲမှာထားပြီး တစ်စုနဲ့တစ်စု ဆယ်ပေကျော်အကွာခြားပြီးမှ လယ်ကွင်းတွေဘက်ကနေ သွားကြတာ။ ရွာတစ်ရွာကို ဝင်ခါနီးရင် စက်သေနက်ကြီးကိုင်တဲ့ကောင်က အရင်ရမ်းပစ်ပြီး နောက်ကနေ M_7ဆိုတဲ့ လက်နက်ကြီးနဲ့လှမ်းပစ်တာပဲ ပြီးတော့ ၆၀ မမတွေနဲ့လည်း ပတ်ပစ်တယ်။

ဟု ပြန်လွတ်လာသူတစ်ဦးက ပြောသည်။

လမ်းတလျှောက် ကျေးရွာများကို စစ်ကြောင်းဝင်ရာတွင် ဒေသခံနေအိမ်များမှ တန်ဖိုးရှိပစ္စည်းများကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက မွှေနှောက်ရှာဖွေယူဆောင်ကြကြောင်း သိရသည်။

ပြီးရင်ရွာထဲဝင် တစ်အိမ်မကျန် မွှေနှောက်ပြီး ပိုက်ဆံတိုရွှေတို ဖုန်းတိုတွေ့ရင်ယူသွားတယ်။ ကျန်တာတွေကိုတော့ တခါတလေ ဖျက်ဆီး ပစ်တယ်။ တန့်ဆည်ဘက်ထဲဝင်တော့ တိုက်ပွဲတစ်ခါဖြစ်တယ် စစ်ကောင်စီဘက်က တစ်ယောက်ကျပြီး ၄ ယောက်က ဒဏ် ရာရတယ်။ ၄၀ မမ နှစ်လုံးကျတာ တစ်လုံးကွဲပြီးထိတာ ကျန်တစ်လုံးကတော့မကွဲဘူး။ တန့်ဆည်ဘက်မှာပဲ ဓါးစာခံထဲက ၃ ယောက်ထွက်ပြေးတာ နှစ်ယောက်ကတော့ ပစ်သတ်လိုက်တယ်။တစ်ယောက်ကတော့ ခြေထောက်မှန်သွားပြီး ပြန်အဖမ်းခံရတယ်။

ဟု ပြန်လွတ်လာသူတစ်ဦးက ပြောသည်။

ယင်းအပြင် စစ်ကြောင်းထိုးရာတလျှောက် ဖမ်းခေါ်ခံရသည့်ဒေသခံများကို ညှင်းပန်းနှိပ်စက်မှုများလည်းလုပ်သည်ဟု သိရသည်။

သူတို့မူးလာရင် မထင်ရင်မထင်သလို ထိုးတယ်၊ ကန်တယ်။ ပြီးတော့ သူတို တပ်ထဲက တစ်ခြားနေရာတွေမှာ ဘယ်သူဘယ်ဝါကျသွားတယ်လို့ သူတို့ကို သတင်းလှမ်းပေးတဲ့အချိန်ဆို မိုးမွှန်အောင်ဆဲပြီး ပတ်ရမ်းတော့တာ။ အဲဒီချိန် မလှုပ်ရဲဘူး။ ပြီးတော့ ယောက်ျားတွေ တပ်ထဲဝင်ဖို့ စစ်သားလုပ်ဖို့ စည်းရုံးတယ်။ မဝင်ချင်ဘူးပြောရင် ပါးတွေရိုက်တယ်၊ ကန်တယ်ဗျ။ နောက်တော့ သူတို့က တပ်ထဲဝင်ဖို့ပြောရင် ဘာမှပြန်မပြောပဲ ငြိမ်နေလိုက်ရတာ။

ဟု ပြန်လွတ်လာသူတစ်ဦးက ပြောသည်။

ယင်းအပြင် အာဏာသိမ်းစစ်ကောင်စီတပ်သားများက မြို့ရွာများကို မီးရှို့ဖျက်ဆီးရန် အထက်ကအမိန့်ရထားသည်ဟု ဒေသခံများအား ခြိမ်းခြောက်သည်ဟုလည်း သိရသည်။

ပြီးတော့ စစ်ကောင်စီတပ်သားတွေက မင်းတို့စစ်ကိုင်းတိုင်းကို မြန်မာပြည်မြေပုံထဲကနေပျောက်သွားအောင်လုပ်ဖို့ အထက်က အမိန့်ပေးပြီးသား။ တစ်အိမ်မကျန် မီးရှို့ပစ်မှာလို့လည်းပြောတယ်ဗျ။ တန့်ဆည်ဘက်ရောက်တော့လည်း ခန်းမထဲမှာ ပျူစောထီးတွေက အကုန်ထိုင်ခိုင်းထားပြီး ပြည်သူ့စစ်ထဲ ဝင်ဖို့ပြောတယ်။ ဘယ်သူမှ ပြန်မပြောဘဲ တောင်သူတွေပါလို့ ဖြေလိုက်တော့ ဆဲပြီးပြန်သွားတယ်။ အခုတော့ ကံကောင်းလို့ လွတ်လာတာ သေကံမရောက်လို့ နောက်ဆိုရင် အဲ့ စခတွေကို အသံကြားတာနဲ့တင် အဝေးကရှောင်၊ လွတ်အောင်နေမှဖြစ်မယ်

 ဟု ပြန်လွတ်လာသူတစ်ဦးက ပြောသည်။

ပြန်လွတ်လာသည့် ဖမ်းဆီးခံပြည်သူများအား တန့်ဆည်မြိုနယ် ပကဖ၊ ပအဖ အဖွဲ့အစည်းများက ကူညီစောင့်ရှောက်ပေးကာ  သက်ဆိုင်ရာမြို့နယ် ပကဖ၊  ပအဖအဖွဲ့စည်းများနှင့် ချိတ်ဆက်ပြီး ယနေ့ ဩဂုတ်လ ၂၅ ရက်တွင် သက်ဆိုင်ရာကျေးရွာများသို့ ပြန်ပို့ပေးထားကြောင်း သိရသည်။